( Unicode)
"ဟာ"
"ဟယ် ဘယ်လိုဖြစ်တာလဲ"
"တစ်ခုခုနဲ့ထိသွားတာလား"
ရှပ်ပြေးနေတဲ့ ခြေသံတွေက နီးလာတာလား ဝေးသွားတာလား... တချိန်လုံး နှိပ်စက်နေတဲ့ မအီမသာခံစားချက်ကနေ လွန်မြောက်သွားသလိုမျိုး ဟင်းလင်းပွင့်သွားတဲ့ ရင်ဘတ်အတွင်းထဲက လှိုက်ဟာမှုမှာ အသံတွေပါ မသဲကွဲတော့ချေ။ နောက်ဆုံးခံစားမိလိုက်တာက အေးစက်စက်ကြမ်းပြင်ရဲ့အထိအတွေ့သာလျှင်။
"ဟေ့..."
ပုခုံးတစ်ဖက်ကို ခပ်သာသာ ဆွဲလှုပ်ခံလိုက်ရတော့မှ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရာကနေ လန့်နိုးသလိုမျိုး ဆတ်ခနဲဖြစ်သွားရသည်။
"နိုးပြီလား"
အသိစိတ်ကပ်မိလိုက်တဲ့အချိန်မှာ မျက်နှာကျက်ဖြူဖြူက အမြင်အာရုံထဲမှာ ဝေဝေဝါးဝါး။
"ဟေ့ ကောင်လေး"
"ဟင်"
ထူးတော့ထူးလိုက်ပေမယ့် အိမ်မက်ယောင်သလို ဖြစ်နေတဲ့ကိုယ့်ကို ငုံ့ကိုင်းကြည့်ကာစူးစမ်းတဲ့ မျက်နှာတစ်ခု မြင်ကွင်းဖြူဖြူထဲ အစားထိုးဝင်ရောက်လာသည်။ မျက်ခုံးတန်းထူထူ မေးရိုးထင်းထင်း နှုတ်ခမ်းပါးပါးလေးတွေနဲ့ မျက်နှာသွယ်သွယ်တစ်ခု... ။ဆတ်ခနဲ လှုပ် သွားတဲ့ ရင်ဘတ်တစ်ခြမ်းကနေစပြီး တစ်ကိုယ်လုံးပူထူသွားလိုက်တာ နားသပ်စပ်တွေမှာ ချွေးစို့သွားပြီလားတောင်ထင်ရတဲ့အထိ။ ဘာဖြစ်တာများပါလိမ့်။
"သတိရပြီ ဆိုရင် ထတော့.. မင်းဖျားနေတာတော့မဟုတ်ဘူးမလား"
မေးရိုးနဲ့လည်တိုင်ကြား တစ်ချက်ဖိထိသွားတဲ့ လက်ခုံတစ်ဖက်ကို ယောင်နနနဲ့ လိုက်ကြည့်နေမိပြီး မေးသမျှကို သူမဖြေတတ်သေး။
"ကျွန်တော်ဘာဖြစ်သွားတာလဲ"
"ဘတ်စကတ်ဘောကွင်းနားမှာ လဲကျသွားတာလေ...ဆရာဝန်ကတော့ အချိုဓာတ်ကျသွားတာလို့ပြောတာပဲ"
"အော်"
မလုံမလဲ ပြုံးလိုက်မိခြင်းမှာ ရှက်သည့်ခံစားချက်က တစ်ဝက်။ လူအများကြီးရှေ့က ရုပ်ပျက်ဆင်းပျက်အခြေအနေတစ်ခု ကို ဆက်စပ်စဥ်းစားကြည့်မိတဲ့အခါ စာမေးပွဲအတွက်ပူပန်ပြီး ညလုံးပေါက်နီးနီးအိပ်ရေးပျက်ခဲ့တာ ဒီနေ့ဖြေခဲ့တဲ့ နောက်ဆုံးဘာသာမတိုင်ခင် မနေ့ကညအထိဆိုရင် သုံးလေးရက်လောက်ရှိပြီ။ အလျင်တလိုနဲ့ စားချိန် မမှီခဲ့တဲ့ မနက်စာရယ် အိပ်ပျက်ညတွေရယ်ပေါင်းပြီး စာမေးပွဲခန်းကနေအထွက် စိတ်လျှော့ချပစ်လိုက်တဲ့ အချိန်မှာတော့ လူကပါ ခွေကျသွားခဲ့ပုံရသည်။