(Unicode)
"ဟင်"
ဆိုင်ထဲကို ဝင်ဝင်ချင်းမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ခဏ တော့ ကြောင်သွားရသည်။ ကိုယ်ထိုင်နေကျကောင်တာမှာ တစ်ယောက်ယောက်က ကိုယ့်အိမ်ကိုယ့်ရာလို ခြေထောက်ကိုချိတ်ကာထိုင်ရင်း ဖုန်းသုံးနေတာကို ကြည့်ရတာ စိတ်ထဲ မှာ တစ်မျိုးတော့ ထူးဆန်းသည်ပဲ။
"ဘာကိစ္စရှိလို့လဲ"
"မရောက်တာကြာလို့ ဆိုင်ရဲ့ အခြေအနေ လာကြည့်တာ"
မျက်လုံးတစ်ချက်လှန်ကြည့်ရင်း ဖြေတဲ့အဖြေဆုံးတော့ ကိုယ့်ဖက်က 'အော်'တစ်လုံးတည်းနဲ့သာ အဆုံးသတ်သွားခဲ့သည်။
ဟုတ်သည်လေ။ ဒါ သူ့အလုပ်။
ဒီလူဟာ ကိုယ့်လိုပဲ ဒီဆိုင်နဲ့ သက်ဆိုင်သူဖြစ်နေခဲ့တာကို ခဏ တစ်ဖြုတ်မေ့သွားခဲ့တာ။ ကိုယ့်လိုပဲ ဆိုတာထက် ကိုယ့်ထက်တောင် ပိုတဲ့ အရင်းအနှီးကို စိုက်ထုတ်ထားခဲ့တဲ့သူ ဆိုရင် ပိုမှန်လိမ့်မည်။
"ဆောင်မင်း"
"ဗျာ"
"နောက်ဖက်ကို ဝင်ခဲ့အုံး အထည်လက်ကျန်စာရင်းတွေ ပြန်စစ်ရအောင်"
"ဟုတ်ကဲ့"
ခေါင်းညိတ်ပေမယ့် ဆောင်မင်းက နားထင်ကိုပါ လက်ညှိုးတစ်ချောင်းနဲ့ ကုတ်ခြစ်ရင်း ပြုံးယောင်ယောင် မျက်နှာမျိုးနဲ့ ကြည့်သွားသေးသည်။
ပြီးခဲ့တဲ့ နှစ်ရက်လောက်ကမှ လုပ်ထားခဲ့သေးသည်မို့ ဘာမှ သိပ်ပြီးကွာခြားအုံးမှာ မဟုတ်သည့် ကိန်းဂဏန်းတွေကို အစအဆုံး ပြန်ပြီးလုပ်ခြင်းဟာ အကျိုးမရှိလှတာသိပေမယ့် တမင်အချိန်ဖြုန်းဖို့ ဆုံးဖြတ်လိုက်သည်။
ကောင်တာမှာ ရှိနေခဲ့သူကတော့ တစ်ချိန်လုံးငြိမ်နေခဲ့ပြီး ဘာမှ ဝင်မပြော ဘာမှလဲ ဝင်မလုပ်။
အလုပ်ထဲကိုပဲ စိတ်နှစ်ထားလိုက်ပြီး မေ့သွားတဲ့အခါလဲ ရှိသလို သတိရတဲ့ အခုလဲ ရသည်။
နေ့လည်စာစားတဲ့ အချိန်ထိ ပြန်ထွက်မသွားသေးတာကြောင့် ဆောင်မင်းနဲ့ နှစ်ယောက်သားဝယ်စားကြတာတွေထဲက ခွဲကျွေးလိုက်ရသေးသည်။ တစ်နေကုန် ဟိုဟိုဒီဒီ လျှောက်လုပ်နေ ရင်းက ကလေးဆန်ဆန်အတွေးတစ်ခု ခေါင်းထဲရောက်၏။