(Unicode)
"သေကုန်ပြီထင်တယ်"
ဘုရားသခင်....
ကြားလိုက်တဲ့ စကားဟာ သိပ်မကျယ် ပေမယ့် ဂျွန့်ခေါင်းထဲမှာ ဒိန်းခနဲနေအောင် ဆောင့်ခါထွက်သွားသည်။
လမ်းမဖက်ကို ခေါင်းလှည့်ကြည့်လိုက်ရုံနဲ့ မြင်နေရတဲ့ မီးခိုးတလူလူ ပတ်ဝန်းကျင်မှာ လူတွေရုတ်ရုတ်သဲသဲ....
"ဒီဖက်ကားက လမ်းပေါ်ကို ကမှန်းကတမ်းဖြတ်တက်သွားတာ"
"သွားပြီ နှစ်စီးစလုံး ခေါင်းချင်းဆိုင်တိုက်ပစ်လိုက်တာ ရှေ့ပိုင်းတွေ ကြေပြီး...လူက ကြားမှာညပ်......."
တစ်ယောက်တစ်ပေါက် စကားတွေ လုံးထွေးများပြားနေပြီး ကြားတစ်ချက်မကြားတစ်ချက်....
ကိုယ့်အနားကနေ အခုလေးမှ ထွက်သွားတဲ့သူ... ကိုယ်အတိအကျကြားနေရတဲ့ ကားသံဟာ ဝေးဝေးကိုမရောက်သေးခင် ထိတ်လန့်စရာအသံကျယ်ကြီးအဖြစ်နဲ့ အဆုံးသတ်သွားခဲ့သည်မို့...."ဘာတွေဖြစ်ကုန်ပြီလဲ"
နေရာကနေ ထပြေးလာခဲ့တာ ပိုက်ဆံရှင်းဖို့လဲမေ့လျော့ကာ... လမ်းမှာရှိသမျှ လူတွေကို တွန်းတိုက်ပစ်ခဲ့မိပြီး...တောင်းပန်ဖို့လဲ သတိမရ...
ဆိုးဆိုးရွားရွား မဖြစ်ပါစေနဲ့ဆိုတဲ့ ဆုတောင်းဟာ အလျင်လိုလွန်းနေပြီး ဘယ်ဘုရားဆီကို တိုင်တည်ရမှန်းမသိတော့...
ပုခုံးပေါင်းမျာစွာကို တိုးတိုက်ခဲ့ပြီးတဲ့နောက်မှ ကြေမွပိန်ချိုင့်နေတဲ့ ကားဆီကိုရောက်၏။
"ဟေ့ကောင်လေး မသွားနဲ့လေ"
"ခဏလေးပါ.. ကျွန်တော်.. "
လက်မောင်းတွေကို ဘယ်ရော ညာရောက နေ လာဆွဲကာ တားဆီးနေကြသူတွေကြောင့် ကားခေါင်းထဲကို မမြင်ရခင် နောက်ကို နှစ်လှမ်းသုံးလှမ်းလောက် ဆုတ်ကာပါသွားရ၏။
"ရဲတွေ ခဏနေလာလိမ့်မယ် မင်းသွားမထိနဲ့"
"ဒါ ကျွန်တော့် အသိပါ....ဖယ်...ခဏ ကြည့်ပါရစေ"
"လှုပ်တောင်မလှုပ်တော့တာကို မင်းသွားကြည့်တော့ ဘာထူးမှာလဲ"
"မဟုတ်တာ"
အကြောက်အကန်ငြင်းလိုက်ပေမယ့် ဟုတ်များဟုတ်နေသလားဆိုတဲ့ စိတ်ကြောင့် ရင်ဘတ်ထဲမှာတဖြည်းဖြည်းပူလာ၏။