(Unicode)
"အဲ့ဒါ ဟိုအစ်ကိုရဲ့ ရည်းစားလား"
"ဟင်"
ဆောင်မင်းရဲ့ အမေးကို ဂျွန်က မဖြေ။ အတင်းတွန်းတိုက်ထွက်သွားလို့ ခါရမ်းကာ ကျန်နေခဲ့တဲ့ ဆိုင်တံခါးကို ကြည့်ရင်း သိချင်လို့မေးနေတဲ့ ဆောင်မင်းကို ဒီအတိုင်း လစ်လျူရှုပစ်လိုက်သည်။ သူတကယ် မဖြေတတ်ပါ။
"သူတို့ချင်း အဆင်မပြေတာကို အစ်ကို့ဆီပါ ပြဿနာလာရှာသွားတာလား....လွှတ်ထားလိုက်..အတွဲတွေ ကြားထဲမဝင်နဲ့ အစ်ကို"
ဆောင်မင်းပြန်ထွက်သွားတဲ့အထိ ဘာတစ်ခွန်းမှ မပြောဖြစ်လိုက်။ ထိုင်မိတဲ့နေရာကနေလဲ မရွေ့ဖြစ်သေးပေမယ့် အတွေးတွေကတော့ လွင့်ချင်ရာကို လွင့်၏။
အတွဲ....တနည်းအားဖြစ် ချစ်သူနှစ်ဦး။
အိုဆယ်ဟွန်းနဲ့ မင်ယွန်းဂျီဟာ ထိုကဲ့သို့ ပတ်သက်မှုမျိုးလား။
ဟုတ်တယ် လို့ အခိုင်အမာ ပြောလို့မရသလို...မဟုတ်ပါဘူး လို့လဲ အပြီးသတ်လက်ခံလိုက်လို့ မရ......
ယွန်းဂျီ တစ်ယောက် ဆယ်ဟွန်းအိမ်အထိ ဝင်ထွက်သွားလာနေတာလဲ ဂျွန့် မျက်စိရှေ့မှာတင် ဖြစ်သလို... တခါတခါလှမ်း တွေ့လိုက်မိရင် လက်မောင်းချိတ်လျက်.... ဘေးချင်းကပ်လျက်.....
ဒီလိုဆိုရင်...
တကယ်ပဲ ချစ်သူနှစ်ဦးရဲ့ ကြားမှာ သူဟာ တတိယလူ ဖြစ်နေခဲ့သလား။
ပုံမှန်အတိုင်း လျှောက်နေခဲ့တဲ့ သူဟာ မရည်ရွယ်စွာနဲ့ လူနှစ်ယောက်ရဲ့ ကြားမှာ ဝင်ကာ ရပ်ခဲ့မိသလို ဖြစ်နေခဲ့ပြီလား။
ဟင့်အင်း...ဒါမျိုး သူ မလုပ်ပါ.....
ဒါပေမယ့်....
ကိုယ်တိုင်မသိလိုက်ခင်မှာပဲ နှလုံးသားရေးရာ အရှုပ်အထွေးထဲ ဇောက်ထိုးမိုးမျှော် ကျသွားခဲ့ရသည့် အဖြစ်မျိုး တစ်ခါကြုံခဲ့ရပြီးပြီ။
အဲ့ဒီတုန်းကတော့ မမရယ်....အစ်ကိုလို့ ခေါ်တဲ့ သူရယ်....ဂျွန်ရယ်...
ကိုယ့်ကို ချစ်ပါတယ်လို့ ပြောတဲ့ သူဟာ... တစ်ဖက်က ဆက်ဆံရေးကိုလဲ ဖြတ်မချနိုင်ခဲ့....