(Unicode)
"အစ်ကို"
ဆိုင်ခန်းနောက်ဖက်ကပ်လျက်က အခန်းကျဥ်းလေးရဲ့ ရှေ့မှာ ဆောင်မင်းပေါ်လာတော့ ဘေးမှာချထားတဲ့ ဖုန်းနဲ့ ပိုက်ဆံအိတ်ကို ကောက်ယူလိုက်သည်။ ဒီနေ့ ဆေးရုံကို အနာဆေးထည့်ဖို့သွား ရမှာ။ တစ်ယောက်တည်း လမ်းလျှောက်ဖို့ အဆင်မပြေသေးတာကြောင့် ဆောင်မင်းကို အကူအညီတောင်းရသည်။ အိမ်ထဲမှာ စီးတဲ့ အမွှေးပွဖိနပ်လိုဟာမျိုးက လွဲရင် ကွင်းထိုးရော ညှပ်ဖိနပ်ပါ စီးလို့မရသေးတဲ့ ခြေထောက်ကြောင့် လမ်းပေါ်နင်းရတာလဲ ခက်ပါသည်။ အိမ်စီးဖိနပ်နဲ့ လမ်းပေါ်ထွက်ရတာလဲ တစ်မျိုးကြီး။
"သွားမယ်လေ"
ရပ်နေဆဲ ဆောင်မင်းကို သွားဖို့ ခြေဟန်လက်ဟန်ပြတော့ နောက်ဖက်ကိုပြန်ကြည့်ရင်း....
"ဟိုလေ.... ဟိုအစ်ကိုရောက်နေတယ်"
"ဘယ်သူ..."
"Billionရဲ့ အဖေ"
ဂျွန်ခဏတော့ ငြိမ်သွားမိသည်။ ဒီလူက ဘာလို့လဲ။
"ထားလိုက် ဆောင်မင်း၊ သူ့လာရင်း ကိစ္စပြီးရင် ပြန်သွားလိမ့်မယ် မင်းနဲ့ငါပဲ....."
"သူလိုက်ပို့ပေးမယ် ပြောတယ် အစ်ကို... ဘာပဲဖြစ်ဖြစ် ကျွန်တော့်ဆိုင်ကယ်ထက်စာရင် အဲ့ဒီကားနဲ့က ပိုပြီး အဆင်ပြေလိမ့်မယ်"
"တီ! တီ! တီ!"
ဆောင်မင်း စကားနဲ့ မရှေးမနှောင်း ကားဟွန်းသံကျယ်ကျယ်ကို ကြားလိုက်ရသည်။ နောက်ထပ် မိနစ်အနည်းငယ်ကြာတဲ့ အထိ ဂျွန် ဆိုင်ထဲကနေ မထွက်ဖြစ်သေးတော့ နာမည်မှတ်မထားဖြစ်ပေမယ့် နံပါတ်ကို မှတ်မိနေပြီ ဖြစ်သည့် အဝင် call တစ်ခုရောက်လာခဲ့ပြီး...
"အထဲထိဝင်လာပြီး ဆွဲခေါ်ရအောင် မလုပ်နဲ့ ဂျွန်၊ ထွက်လာခဲ့" တဲ့။
"သွားလိုက်ပါ အစ်ကိုဂျွန်ရာ၊ ဆိုင်ကယ်နဲ့ဆိုရင် လမ်းမှာ ဖုန်မှုန့်တွေ ဘာတွေနဲ့ အနာအတွက်ကောင်းမှာ မဟုတ်ဘူး"
ငြင်းစရာ အကြောင်းပြချက်ရှာမရတဲ့ အဆုံး အဲ့ဒီ့ကားနဲ့ပဲ ဆေးရုံကို ရောက်သွားခဲ့ပြီး၊ ပြန်တော့လဲ ဒီအတိုင်း....