(Unicode)
"Morning"
ခါးက Apronကိုဖြုတ်ရင်း နှုတ်ဆက်လာသူကို ဒီလိုပဲ တုန့်ပြန်ခြင်းကင်းစွာ ကြည့်နေလိုက်မိသည်။ လူမှုဆက်ဆံရေးညံ့ဖျင်းသည့်ဖက်ကို ပါသည့် ကိုယ်ရည်ကိုယ်သွေးကြောင့်ထင်သည် အလိုက်အထိုက်ဆက်ဆံခြင်းကို သူ မလုပ်တတ်။
စွပ်ပြုပ်ပူပူ ထမင်း ဟင်းရွက်သုပ်စသည်ဖြင့် ဝေဝေ ဆာဆာပြင်ဆင်ထားတဲ့ စားပွဲကိုကြည့်ရင်း အစဆွဲထုတ်လို့မရတဲ့ အတွေးပေါင်းမြောက်များစွာက ခေါင်းထဲမှာ လည်နေ၏။
ထမင်းချက်အိမ်သန့်ရှင်းရေးအတွက် အကူအညီတောင်းထားတဲ့ အဒေါ်ကြီးက Part time သဘောမျိုး နေ့လည်စာကနေစပြီး ညနေစာအထိ တာဝန်ယူပေးတာမို့ မနက်စာပြင်ခြင်းက ကိုယ့်အလုပ်ဖြစ်ပြီး လုပ်တတ်သလောက်နဲ့ အဆင်ပြေအောင်ကြိုးစားပြင်ဆင်ရသည်။ တခါတလေ အဒေါ်ကြီးအိမ်ကိုစောစောရောက်တဲ့ နေ့တွေမှာ ဒီလိုမနက်စာပြင်ပြီးသားတွေ့လိုက်တာနဲ့ စိတ်ထဲအလိုလိုပေါ့ပါးသွားတတ်သည်။ အခုကတော့........
"လာ ထိုင်လေ မနက်စာ မစားတော့ဘူးလား"
ကိုယ့်ထက်အရင်စားပွဲမှာ ထိုင်နှင့်သူက ကိုယ့်အိမ်ကိုယ့်ရာ လို့ တရင်းတနှီး။
အလိုက်သင့်ထိုင်ချလိုက်ပေမယ့် မနက်စာ စားဖြစ်ဖို့တော့မသေချာ။ အနေရခက်ခြင်းတွေကို ဂျွန်မြောင် တကယ်ကိုမကြိုက်။
"ကလေးက ကိုယ့်ကို စိမ်းနေသေးတယ်"
စကားဆုံးတော့ မျက်ဝန်းနှစ်စုံ စိုက်ခနဲတစ်ချက်ဆုံ၏။ အများကြီးပြောင်းလဲမသွားတဲ့ မျက်နှာသွင်ပြင်ဟာ ရင့်ကျက်မှုတစ်ချို့နဲ့ အချိုးညီစွာ တစ်မျိုးတစ်ဖုံ ကြည့်ကောင်းနေဆဲ။
အကြည့်ပြန်လွှဲခဲ့တာ ဂျွန့်ဖက်က အရင်ဖြစ်သည်။ အကျွမ်းတဝင်ဆက်ဆံဖို့ လိုတာထက်ပိုပြီး ရှောင်လွှဲနေမိတာ ကလေးဆန်မှန်းသိပေမယ့် အလိုအလျှောက်ဖြစ်နေတဲ့ စိတ်ခံစားချက်ဟာ ဒီအတိုင်း။
"အချိန်ပေးရမှာပေါ့.... အခုမှတွေ့ဖူးတဲ့ သူတစ်ယောက်ကို လက်ခံဖို့ Billionအတွက် အချိန်လိုတယ်"
Billion တရေးနိုးချိန်မှာ 'ဒါက ပါပါးလေ'ဆိုပြီး ပြောပြတော့လဲ ခေါင်းညိတ်လက်ခံပေမယ့် ချက်ချင်းဖက်လဲတကင်းဖြစ်သွားတာမျိုးမဟုတ်။ မူကြိုကအကြောင်းတွေ အိမ်အကြောင်းတွေ ဆယ်ဟွန်းမေးသမျှ ကောင်းကောင်းမွန်မွန် ပြန်ဖြေပေမယ့် လူအနားကိုတော့မကပ်။
![](https://img.wattpad.com/cover/284135726-288-k833608.jpg)