(Unicode)
ဆိုင်ထဲက မီးတွေပိတ် တံခါးတွေအကုန်လိုက်စစ်ပေးခဲ့ပြီး နောက်ဆုံးပိတ်မယ့် တံခါးမကြီးရဲ့သော့ကိုတော့ ဆောင်မင်းလက်ထဲထည့်ပေးခဲ့လိုက်သည်။ ဒီနေ့ အလုပ်တွေလက်စ သတ်ရင်း အနည်းငယ်နောက်ကျသွားတာမို့ Billionကို ကြိုဖို့ လောနေမိသည်။ ဆင်းနေကျမှတ်တိုင်မှာ သူ့ကို မတွေ့ရင် စိတ်အားငယ်သွားမှာ စိုးရိမ်သည်မို့ တစ်လမ်းကျော်လောက်မှာရှိသည့် Bus Stop ဆီကို ဦးတည်တဲ့ ခြေလှမ်းတွေက မပြေးရုံတမယ်။
တော်သေးသည်။ ဂျွန့် ခြေလှမ်းတွေ အရှိန်သတ်နိုင်ရုံရှိသေး ကျောင်းကားကလဲ ကွက်တိထိုးရပ်လာသည်။ တစ်ယောက်ပြီးတစ်ယောက်ဆင်းလာတာကို စောင့်ကြည့်နေရင်း ရပ်ကွက်ထဲက ကလေးတွေ သာကုန်သွားပြီး B.B တစ်ယောက်ပါမလာခဲ့။
"ဆရာမ ....Billionရော"
"အော် သူ့အဖေ လာခေါ်သွားတယ်"
"ဘယ်လို"
ဆွဲပိတ်နေပြီဖြစ်တဲ့ ကားတံခါးကို လက်နဲ့ပြန်ဆွဲထားလိုက်ရင်း....
"Billion ကို ကြိုပို့နေတာကျွန်တော်ပဲလေ ဆရာမရယ်...ကျွန်တော်မဟုတ်ဘဲ တစ်ခြားတစ်ယောက်နဲ့ ကို ဘယ်လိုများ စိတ်ချပြီး....."
အပြစ်တင်စကားဟာ မယဥ်ကျေးတာ သိပေမယ့် ပြောထွက်သွားတာ အထိန်းအကွတ်နည်းစွာနဲ့...
"ကလေးကိုယ်တိုင်ကလဲ ရင်းနှီးနေလို့ပါ။ ပြီးတော့ Billionကျောင်း အပ်တုန်း မိဘရဲ့ အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီးမှ ကလေးကိုခေါ်သွားခွင့်ပြုလိုက်တာ"
"ဆောရီးပါဗျာ"
တံခါးလုံးဝပြန်ပိတ်မသွားခင်လေးမှာ ကိုယ့်ကို ကြည့်သွားတဲ့ ဆရာမရဲ့ အကြည့်တွေက တစ်မျိုးတစ်မည်။ အေးလေ မိဘကိုယ်တိုင် လာခေါ်သွားတာကို ကိုယ်က အပြစ်တင်လိုက်တော့ ခံရခက်မှာပေါ့။
အဖေနဲ့အတူရှိနေတယ် ဆိုပြီး စိတ်ချလို့ရပေမယ့်... မတင်မကျစိတ်တွေက B.B ပျော်ပါ့မလားဟူ၍။
"ပစ်...ပစ် အဲ့ကောင်ကိုထိအောင် ပစ် ပါပါး"
အိမ်တံခါးကို ဆွဲဖွင့်လိုက်ရုံနဲ့ကြားလိုက်ရတဲ့ Billion့အသံစာစာလေးက တွေးလက်စတွေကို တိခနဲ ဖြတ်ချပစ်လိုက်နိုင်သည်။