"ဝါး နင်တို့အိမ်လေးက တကယ်လှတာပဲ အနောက်မှာလည်း ဟင်းသီးဟင်းရွက်တွေအပြည့်ပဲ လတ်လတ်ဆတ်ဆတ်ကောက်စားရုံပဲပေါ့ နှစ်ယောက်ထဲဆိုတော့ ပိုနေမှာ နင်ရောင်းမလို့မလား"
သူငယ်ချင်းတွေရဲ့ချီးကျူးစကားကို ပြုံးပြုံးကြီးကြည်နူးနေမိသည်။ တစ်နှစ်ကျော် ကြိုးစားခဲ့တာတွေက အရာထင်လာပြီလေ။ ဒီတစ်နှစ်အတွင်းမှာ ဟန်နေနဲ့အစ်မဟာ မြို့ပေါ်နဲ့ရွာကို သုံးလေးငါးရက်တစ်ခါအသွားအပြန်လုပ်ရင်း ဒီမြေကွက်လေးမှာ အပင်စိုက် ရေလောင်းနဲ့ပြုစုခဲ့ရတာမလား။
"နင် ငါတို့ကိုအိမ်တက်ဖိတ်တာလား ကြွားချင်လို့လား"
ရတီ၏အမေးကို ဟန်နေမဖြေမိပေမဲ့ သူတို့ပြောတာတော့အမှန်ပင်။ ကျောင်းတစ်ဖြတ်ပိတ်လို့ ပြန်လာသည့် ရတီကလည်း ဟန်နေရဲ့အိမ်တက်ကို တခြားသူငယ်ချင်းတွေနဲ့အတူတူပါလာခဲ့သည်။
တကယ်တော့အိမ်တက်ကလွန်ခဲ့တဲ့နှစ်ရက်လောက်ကပဲပြီးသွားကာ ရွာကလူတွေတင်မက ဟန်နေ၏အဖေရောအမေရောပါ လာပေးခဲ့သည်။ သူငယ်ချင်းတွေကတော့ လူစုနေတာနဲ့ကြာသွားပြီးယခုမှရောက်လာကြတာပင်။
ဘန်ဂလိုဆန်ဆန်အိမ်ကလေးက အနည်းငယ်သေးပေမဲ့ ဟန်နေနဲ့အစ်မအတွက်တော့ ကျယ်ပေသည်။ မေမေတို့ကဒီထက်ကြီးကြီးဆောက်ဖို့ပြောသော်လည်း အစ်မအိမ်သန့်ရှင်းရေးလုပ်ရမည်စိုးသောကြောင့် မဆောက်ခဲ့ပေ။
အဝါနုရောင်ဆေးသုတ်ထားသော အိမ်ကလေးကနေချင်စဖွယ်ဖြစ်သလို အိမ်နောက်ဖေးကသီးပင်စားပင်တွေ အိမ်ရှေ့ကပန်းအိုးထဲကပန်းပင်တွေ ခြံထောင့်နားတွေက သရက်ပင်တမာပင်တွေနဲ့ အိမ်ရှေ့က ကုက္ကိုလ်ပင်အကြီးကြီးတွေကြောင့် အရိပ်လည်းရသလို မြင်ရတာ မျက်စိအေးသည်။
အိမ်ဖိုးတစ်ဝက်ကို မေမေတို့ကစိုက်ပေးသလို ကျန်တာကိုတော့ အစ်မနဲ့ဟန်နေကစိုက်သည်။ အကုန်လုပ်ပေးမည်ဆိုသော်လည်း ဟန်နေရော အစ်မပါလက်မခံခဲ့ပေ။
အစ်မကသူငယ်ချင်းတွေကိုဧည့်ခံတော့ သူတို့က အစ်မကို နှမြောသည်ဟုဆိုကြသေးသည်။
YOU ARE READING
❣️ဖူးစာရှိသောအရပ်ဝယ်❣️ Meet your destiny!!
Fantasyဘယ်လောက်ပဲဝေးကွာသောအရပ်ကဖြစ်ပါစေ ဖူးစာတွေရှိတဲ့အခါ ဆုံစည်းကြရတာပဲ ❣️