အခန်း (၁၂)

7.3K 660 8
                                    

"အစ်မ ဒါဘာတွေလည်း"

ခြင်းထဲတွင်ထည့်ထားသော အနည်းငယ်လုံးလုံးရှည်ရှည်နှင့် ခရမ်းနက်ရောင်အသီးတွေကိုကြည့်ပြီး အစ်မနေရီအနားကိုကပ်ကာ ခပ်တိုးတိုးမေးလိုက်သည်။

"သပြေသီးတွေလေ ငယ်လေးရဲ့ မြင်ဖူးဘူးလား"

"ဟင့်အင်း"

"စားကြည့်လေ"

ခြင်းထဲကသပြေသီးကိုယူပြီးဟန်နေလက်ထဲ ထည့်ပေးလိုက်တော့ အနည်းငယ်မြည်းစမ်းကြည့်လိုက်သည်။ ချိုချိုချဉ်ချဉ်အရသာနှင့် စားလို့ကောင်းသည်။ တစ်ခုတော့ဆိုးသည် အရောင်တွေကအရမ်းစွန်းလွန်းသည်။

"ဆရာမလေး သပြေသီးမစားဖူးဘူးလား"

ဘေးနားမှာထိုင်နေသော အစ်မယဉ်နုကမေးတော့ ဟန်နေခေါင်းညိမ့်ပြလိုက်သည်။

"အေးပါ့ဟယ် ယဉ်နုနှယ် မြို့ပေါ်ကြရှားမှာကို တို့တောသာ ကြိုက်တဲ့ချိန်ကောက်စားလို့ရတာ"

ဝါတွင်းကာလဆိုတော့ ဘုန်းကြီးတွေဟာကျောင်းတိုက်ကနေအပြင်မသွားကြတာကြောင့် မြို့ပေါ်မှအလှူရှင်က ဆွမ်းကပ်ချင်သည်ဟု ဥက္ကဌကိုအကူအညီတောင်းသည်။ ရွာ၏ချစ်စရာကောင်းသော ဓလေ့ထုံးစံဟုဆိုရမလားမသိ ရွာထဲရှိအပျိုအအိုအားသည့်လူတိုင်းဟာ ဆွမ်းကပ်ဖို့အရေးကိုချက်ကူပြုတ်ကူကြရသည်။ အရပ်ဓလေ့ဟုဆိုရမည်။

အစ်မနေရီကလည်း လာရောက်လုပ်ကူဖို့ရွာဦးကျောင်းကို လာတာကြောင့် အနောက်ကအမြဲလိုက်နေသည့် ဟန်နေကလည်းပါလာရသည်။

အားလူးနှင့်ငါးခြောက်ချက် ဝက်သား ကြက်သားအစုံပင်ဆိုတော့ ချက်ရပြုတ်ရဖို့အရေး အသားငါး ဟင်းသီးဟင်းရွက်တွေ လှီးကူဖြတ်ကူဖို့က မိန်းကလေးတွေတာဝန်ပင်။ ဓားပါးလေးတွေနှင့်အားလူးကို ကျွမ်းကျင်စွာအခွံခွါနေသော အပျိုတစ်သိုက်ကိုကြည့်ကာ ဟန်နေအူယားနေမိသည်။ ဓားထိမှာစိုးလို့သောကြောင့်ပင်။

ချက်ပြုတ်သည့်ကိစ္စကိုတော့ ရွာထဲကကာလသားတွေနှင့် အဒေါ်ကြီးတွေက တာဝန်ယူကြသည်။

ဘုန်းကြီးကျောင်း၏ ခရေပင်ကြီးအောက်မှာ ဝိုင်းဖွဲပြီး ဟင်းရွက်သင်သူကသင် အသီးလှီးသူကလှီးနှင့် အလုပ်တွေရှုပ်နေသလို ပါးစပ်ကလည်းအလုပ်ရှုပ်ကြသည်။ လူဆိုသည်မှာ များများစုမိပြီးဆိုရင် သူများအကြောင်းက ပါလာတော့သည်မဟုတ်ပါလား။

❣️ဖူးစာရှိသောအရပ်ဝယ်❣️ Meet your destiny!!Kde žijí příběhy. Začni objevovat