အခန်း (၅)

8.1K 749 10
                                    

အိပ်ရာအပြောင်းအလဲကြောင့်လား တစ်ယောက်နေတာ ကြာသွားလို့လားတော့မသိ အိပ်မပျော်နိုင်ဖြစ်ရသည်။ ကျွန်းကုတင်က အကျယ်ကြီးဖြစ်တာကြောင့် မိသားစုတစ်ခုပင်အိပ်နိုင်သည်။ သို့သော်လည်း လူတစ်ကိုယ်စာသာဝေးသည့်အစ်မနေရီကို ဟန်နေငေးကြည့်မိသည်။

အိပ်ခန်းမီးကိုပိတ်ထားသော်လည်း ဘုရားစင်ကထွန်းထားသောမီးရောင်က အရောင်ဟပ်ပြီးဝိုးတဝါးအလင်းရောင်လေးဟာ အိပ်ခန်းကိုသက်ရောက်နေသည်။
ညနက်နေပြီဖြစ်လို့ တိတ်ဆိတ်နေသည့်ပတ်ဝန်းကျင်မှာ ခြံဝင်းထဲကအပင်တွေ၏ လေတိုးသံသဲ့သဲ့ကိုတော့ ကြားနိုင်သည်။

တစ်ချက်တစ်ချက် စံပယ်ပန်းရနံ့နှင့်ဇွန်ပန်းရနံ့ရောထွေးသည့် မွှေးအီနေသည့်အနံ့ကိုလည်းရသည်။ အိမ်မြှောင်စုပ်ထိုးသံတစ်ချက်တစ်ချက်ကလည်း သန်းခေါင်ယံကို ကိုယ်စားပြုနေသည်။

ခေါင်းအုံးပေါ်မှာဝဲကျနေသည့်ဆံနွယ်တွေဟာ ကြည့်လို့ကောင်းသည်။ ပန်ထားသော ဇီဇဝါပန်းလေးဟာ ခေါင်းအုံးထက်မှာ အနည်းငယ်ညှိုးနွမ်းနေပေမဲ့ ရနံ့အနည်းငယ်ကိုတော့ပေးနိုင်တုန်းပင်။

အညာချည်စောင်အပါးက ကြမ်းရှရှနိုင်ပေမဲ့ နွေရာသီနှင့်တော့ကိုက်သည်။ ရင်ဘတ်ပေါ်ကိုအညာချည်စောင်ပါးတင်ကာ ဟိုလှိမ့်ဒီလှိမ့်နှင့်အိပ်ဖို့ကြိုးစားပေမဲ့ အိပ်မပျော်။

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် အစ်မနေရီအတွက်ကတော့ အိမ်မက်တွေတောင်လှနေရောထင်သည်။ ခပ်တန်းတန်းမျက်ခုံးနက်နက်လေးတွေနှင့် ကြည်လင်တဲ့မျက်လုံးတစ်စုံရှိသည်။ အထူးသဖြင့် နူးညံ့ညင်သာတဲ့အပြုံးတွေရှိသလို တင်ပါးကျော်သောဆံနွယ်တွေ။
တောမှာနေသူတွေဟာ ခန္ဓာကိုယ်အချိုးအစားဖွံ့ထွားကြသည်ထင်သည်။ ဟန်နေမှာ ရွာကလူတွေနှင့်ယှဉ်လျှင် သေးညှက်ကာ လေတိုက်ရင်လဲတော့မည့် ပိန်ပိန်သွယ်သွယ်။

သူ့ဖက်ကိုလှည့်အိပ်တာကြောင့် အစ်မနေရီ၏လက်ဖျားလေးက သူနှင့်မနီးမဝေးမှာ။ သူ့လက်ကိုအသာဆန့်ထုတ်ပြီး လက်ဖျားလေးကိုထိခတ်မိတော့ ကြက်သီးနွေးနွေးထသွားမိသည်။

❣️ဖူးစာရှိသောအရပ်ဝယ်❣️ Meet your destiny!!Donde viven las historias. Descúbrelo ahora