"ငယ်လေး တံမြက်စည်းပေး အစ်မလှည်းလိုက်မယ်"
ဟန်နေလက်ထဲက တံမြက်စည်းကိုယူပြီး နေရီရုံးထဲနှင့် ရုံးပတ်ဝန်းကျင်ကို သန့်ရှင်းအောင်လှဲလိုက်သည်။ တစ်ပတ်တစ်ခါဖြစ်ဖြစ် ဆယ်ရက်တစ်ခါဖြစ်ဖြစ် ဟန်နေ၏ရုံးကို သန့်ရှင်းရေးလုပ်နေကြပင်။
မြက်ပင် ပေါင်းပင်တွေကိုတော့ တစ်လတစ်ခါ ရုံးရှေ့အိမ်က ဦးကြီးတိုးကရှင်းပေးသည်။ ခြံဝန်းထဲကြွေနေသည့် သစ်ရွက်ခြောက်တွေ ကိုတော့ နေရီတို့ကစုပေးထားခဲ့ရုံပင်။
"ငယ်လေး အိပ်ရာတွေသိမ်းလိုက်တော့လေ ငယ်လေးလည်း ဒီမှာအိပ်တာမှမဟုတ်တာ"
ပြောလဲပြော ဟန်နေ၏မွေ့ရာအပါးနှင့် ခေါက်ဖျားလေးကို သေချာစွာခေါက်ကာ အိတ်ထဲကိုသပ်သပ်ရပ်ရပ်ထည့်ပေးလိုက်သည်။ အဝတ်သေတ္တာထဲက အနွေးထည်တစ်ချို့ကိုထုတ်ကာ
"ငယ်လေး အနွေးထည်တွေယူမှာမလား"
"ယူမှာ အစ်မ"
တန်ဆောင်မုန်းလထဲရောက်လာပြီဆိုတော့ ရာသီဥတုဟာ သိသိသာသာပင်အေးလို့လာသည်။ မနက်ခင်းစောစောနှင့် ညနေခင်းတွေဆိုပိုဆိုးသည်။ အထူးသဖြင့်အိမ်က သစ်ရိပ်ဝါးရိပ်အောက်မှာရှိတော့ နေပြောက်မထိုးသလို ဆောင်းတွင်းဆိုတော့ အအေးဒဏ်ကိုပိုခံရသည်။
ဒါကြောင့်လည်း ရုံးကိုသန့်ရှင်းရေးလုပ်ရင်း အနွေးထည်လာယူရင်းလာကြခြင်းဖြစ်သည်။ ဟန်နေအတွက်တော့ ရုံးမှာဖင်ပူအောင်ထိုင်သည့်နေ့က လကုန်ခါနီး လချုပ်စာရင်းလုပ်ရသည့်နေပင်။
ဒါတောင်မှ အစ်မနေရီကဘေးကနေ ဟန်နေ့ကိုတွက်ကူပေးသည်။ ဟန်နေကတော့ ကျောင်းမှာကတည်းက ကျက်စာဖက်မှာအားသန်မို့လားမသိ သင်္ချာဂဏန်းတွေမြင်ရင်ကိုခေါင်းကိုက်သည်။
"ဒီနေ့ တန်ဆောင်းမုန်းလပြည့်နေနော့် အစ်မ"
"ဟုတ်ပရှင် အစ်မယဉ်နုက ဘုန်းကြီးကျောင်းလာဖို့ပြောထားသေးတယ်နော် မယ်ဇလီဖူးသုပ်လာစားခိုင်းနေတာ"
"အစ်မတို့ အပျိုတွေချည်းလူစုကြတယ်ဆိုပါတော့"
ဟန်နေအမေးကို နေရီခပ်ဖွဖွလေးရယ်သည်။ ရွာမှာက တန်ဆောင်မုန်းလပြည့်ညဆိုရင် အပျိုတွေတော်တော်များများမှာ ဘုန်းကြီးကျောင်းကိုသွားကာ ဆီမီးတစ်ထောင်ပူဇော်ကြသည်။ ပြီးရင် ချက်ထားပြုတ်ထားသည်တွေကို စားကြသောက်ကြနှင့် ဓလေ့တစ်ခုလိုဖြစ်နေသည်။
KAMU SEDANG MEMBACA
❣️ဖူးစာရှိသောအရပ်ဝယ်❣️ Meet your destiny!!
Fantasiဘယ်လောက်ပဲဝေးကွာသောအရပ်ကဖြစ်ပါစေ ဖူးစာတွေရှိတဲ့အခါ ဆုံစည်းကြရတာပဲ ❣️