အခန်း (၁၈)

7.9K 685 7
                                    

ရာသီတွေတကျော့ပြန်တော့ လေရူးကသုန်သလို နွေရဲ့ဥဩတွေကလည်းတေးသီလို့နေလေရဲ့။ နွေရဲ့လေပူပူကဖြတ်တိုက်သွားတော့ တချို့အပင်တွေရဲ့ ဝါကျင်ကျင်သစ်ရွက်တွေဟာကြွေသလို ရိုးတံပြိုင်းပြိုင်းဖြစ်နေသော အပင်အချို့မှာလည်းအရွက်ဖူးလေးတွေဝေစပြုနေပြီ။

ခြံဝင်းထဲမှာရှိသည့် ပိတောက်ပင်အိုကြီးကလည်း ရွက်နုတွေဝေနေပြီသလို တန်ခူးလရဲ့အမှတ်အသားဖြစ်သော ပိတောက်တွေကိုပြချင်နေပြီထင်ပါရဲ့။

ငယ်စဉ်ကသင်ကြားခဲ့ရတဲ့ သိင်္ဃသူ့သမီးကျောက်စာက ချစ်သောသူနှင့်ကွေ့ကွင်းရခြင်းဟူသော ဒုက္ခကိုနေရီ ခံစားတတ်လို့နေသည်။ ဒါတောင်မှ ထာဝရစာမဟုတ်ဘဲ တစ်ခဏသာရှိသေးသည်။

ရာသီဥတု၏ပူပြင်းခြောက်ကပ်မှုတင်မကဘူး ရင်ထဲမှာလည်း ပူလောင်ခြောက်ကပ်နေသော နွေရာသီထက်ဆိုးသည်။ အိမ်အနောက်ကတစ်ပင်ထဲသော ငုဝါပင်၏ဖူးသစ်စအဖူးတွေကိုတွေ့တော့ ဟန်နေရဲ့ အဝါရောင်ကိုနှစ်ခြိုက်မှုကို သတိရပြီးလွမ်းမိပြန်သည်။

နေရပ်ကိုပြန်သော ငယ်လေးအဆင်မှပြေရဲ့လားလို့ တွေးမိတိုင်း သက်ပြင်းအခါခါချမိသလို ငြိမ်းချမ်းမှုတွေပျောက်ဆုံးလို့နေသည်။

ဟန်နေဒီကိုရောက်တာ တစ်နှစ်ပြည့်ခါနီးပြီဖြစ်သလို နေရီတို့ရဲ့တစ်ယောက်အပေါ်တစ်ယောက်ထားရှိသည့် မြတ်နိုးမှုတွေဟာလည်း ပိုပြီးခိုင်မြဲလို့နေကာ ဖြတ်မရအောင်ဖြစ်နေပြီမဟုတ်ပါလား။

နှစ်ယောက်ရဲ့အနာဂတ်ဟာ နှစ်ယောက်ထဲနဲ့ပြီးသွားတာ မဟုတ်တာမို့ အဖက်ဖက်ကစဉ်းစားတော့ ဟန်နေ၏မိဘတွေကို အသိပေးလိုက်လေသည်။ ဖုန်းကနေတစ်ဆင့်အကြမ်းဖျင်းကိုပြောပြခဲ့ပေမဲ့ အိမ်ကိုပြန်ခဲ့ဟူသော အမိန့်ကိုမလွန်ဆန်နိုင်တဲ့ဟန်နေက သူပြန်လာမည်ဟူသော ကတိကိုပေးကာ ပြန်သွားခဲ့သည်။

ဖုန်းဆိုတာ တစ်ခါတစ်လေဖုန်းပြောရုံကလွဲပြီးဘာမှအသုံးမပြုသောနေရီအဖို့ အခုတော့ ဟန်နေများဆက်သွယ်လာခဲ့ရင်ဆိုသော မျှော်လင့်ချက်သေးသေးလေးနှင့် အမြဲတမ်းကိုယ်နှင့်မကွာထားခဲ့မိသော်လည်း ဟန်နေဆီက ဘာသတင်းမှမရခဲ့ပေ။

❣️ဖူးစာရှိသောအရပ်ဝယ်❣️ Meet your destiny!!Donde viven las historias. Descúbrelo ahora