Unicode
ချစ်မိပြီးနောက် နေ့ရက်များ ၁
တိုက်ခန်းအတွက် ပေါ်ထွက်နေသော ခြေသံတရှပ်ရှပ်။ ဧည့်ခန်းနှင့် မီးဖိုချောင် ၊ ဝရန်တာပါမကျန် ပတ်လျှောက်နေသူကတော့ အိမ်က အိမ်ထောင်ဦးစီးရဲ့ လက်ထောက်
ငြိမ့်တည်ပင်။ ရေချိုးခန်းထဲက ထွက်မလာသေးသည့် အိမ်ထောင်ဦးစီးကိုစောင့်ရင်း တစ်အိမ်လုံးကို ပတ်လျှောက်နေတဲ့ လူငယ်လေး။စောစောစီးစီး ရေချိုးထားသူက တက်ကြွနေပေမဲ့ ကိုလှိုင်းဆက်က ပုံမှန်အတိုင်းပါပဲ။
ငြိမ့်တည် ရေမိုးချိုး ပြင်ဆင်ပြီးသည်အထိ
ဝရန်တာက အပင်တွေကို ရေလောင်းလို့မပြီး။ အတော်လည်း တကုပ်ကုပ်လုပ်နိုင်သည့်
လူဟု ငြိမ့်တည်တွေးမိပါသည်။ အလုပ်လုပ်ရင်လုပ် မလုပ်ရင် စာအုပ်ဖတ်နေတတ်တဲ့
ကိုလှိုင်းဆက်က တကယ့်ကို ခေတ်ဟောင်း
အငွေ့အသက်နဲ့လူကြီးမို့ Vintage ဆန်တဲ့
လူဆိုပြီးတော့များ ရှာရှာကြံကြံ ဂုဏ်ယူရမည်လားမသိပါ။ချစ်တယ်ပြောပြီး ဖာသိဖာသာနေတတ်တာကိုတော့ ငြိမ့်တည်ဘယ်လို ပြင်ပေးရမလဲမသိ။ မှတ်မှတ်ရရ အတူတူနေပြီး နောက်ပိုင်း
ငြိမ့်တည်ကို တီတီတာတာပြောလာတာ မရှိ။
ဂရုအတော်လေး စိုက်လာတာကိုတော့
ငြိမ့်တည် သတိထားမိပါသည်။ ညဆိုရင်
ငြိမ့်တည်အိပ်မပျော်မချင်း သူလည်းမအိပ်။
ကိုလှိုင်းဆက် အိပ်ပျော်နေတာကို ငြိမ့်တည် တစ်ခါမှ မမြင်ဖူးသေးပေ။လက်မောင်းတစ်ဖက်ကို အသင့်အိပ်ဖို့
ချထားပေးတတ်ပေမဲ့ ဒီပေါ်လာအိပ်ပါလား
ဟု စကားလေးနဲ့ခေါ်ဖို့တောင် မသိတတ်တဲ့
လူဖြစ်သည်။ ငြိမ့်တည်ကတော့ သိပ်တွက်ကပ်မနေတော့ ခပ်တည်တည်နှင့် အင့်ခနဲဝင်တိုးအိပ်ပစ်တာပင်။ ခေါင်းချလိုက်တာနှင့်
အိပ်ပျော်တတ်တဲ့ အကျင့်က သဘောကျတဲ့သူရင်ခွင်ထဲရောက်တော့ ပိုပြီးတောင် အဆင်ပြေနေသေးသည်။ ကျောကို ခပ်ဖွဖွ
ပုတ်ပေးနေတဲ့ လက်ဝါးပြင်အောက်မှာ
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တတ်တာက
ငြိမ့်တည်ရဲ့ အကျင့်တစ်ခုပင် ဖြစ်လာခဲ့၏။တခြားအချိန်ဆို ပွေ့ဟယ်ဖက်ဟယ်
နမ်းဟယ်ရှုံ့ဟယ် မရှိပေမဲ့ အိပ်ချိန်လေးမှာ ငြိမ့်တည်ကို ဖက်ထားရမှာတော့ မရှက်ပုံပါပဲ။ ကျေးဇူးပင် တင်ရပါသေးသည်။
ပိုပြီး ကြင်နာလာတတ်တဲ့ ကိုလှိုင်းဆက်နဲ့
ရဲတင်းနေတဲ့ ငြိမ့်တည်ရဲ့ ရက်တွေကတော့
အပြောင်းလဲကြီး သိပ်မရှိ။ အသစ်ဝယ်ထားတဲ့ တီဗွီကလွဲရင် အားလုံးက အရင်အတိုင်းပင်။
YOU ARE READING
ငြိမ့် (COMPLETED)
Romance(အချစ်က ငြိမ့် / အခ်စ္က ၿငိမ့္) Both Zawgyi and Unicode Available