Chapter-14

36.8K 3.7K 116
                                    

Unicode

လူသစ်များနှင့် ကြုံဆုံရခြင်း ၂

စိမ်းစိုနေသော လယ်ကွင်းများက
မျက်စိတစ်ဆုံး။ ကားပေါ်က ဆင်းလိုက်သည်
နှင့် လေတဖြူးဖြူးက တိုက်ခတ်ကြိုဆိုလို့လာပြီး သန့်ရှင်းသော လေတို့ကလည်း မြို့တွင်း နှင့်မတူ လတ်ဆတ်လို့နေသည်။
ရွာငယ်တချို့ကို ကျော်လာပြီးနောက်
ဗေဒါခင်းများ ပြည့်နေသည့် ကန်ဘောင်‌တွင်
ကားကိုရပ်ထားခဲ့သည်။

သပ်ရပ်သော သစ်သားတံတားဟာ
ကားတစ်စီးဝင်စာကျယ်ပြန့်ကာ ခိုင်ခန့်မှုလည်း ရှိလှသည်။ တံတားဘေး မြောင်းထဲမှာတော့ ဗေဒါတို့က ပြွတ်သိပ်လို့။ စိမ်းဖန့်နေသော အရွက်ငယ်များကြား ခရမ်းရောင် အပွင့်စိုစိုတို့က ငွင့်ငွင့်စွားစွား ရှိနေပြီး
နှစ်ပေ ပတ်လည်စာ ကြာပန်းပင် အပြုံလိုက်ကလည်း ဟိုတစ်ကွက် သည်တစ်ကွက် ရောနှောလို့‌နေသည် ။

ခပ်လှမ်းလှမ်းမှ ဘဲအော်သံများနှင့် ဖွေးဖွေးလှုပ်နေသော ဘဲအုပ်ကြီးက ရေပြင်ထက်ကူးခတ်လို့။ လူရိပ်ပင်မမြင်ရပေမဲ့
ဘဲတွေက သူ့ဟာသူ အသားတကျ ကူးလူးပျော်မွေ့လို့နေကြသည်ထင်။ လှိုင်းဆက်က
အသီးနှံအထုပ်များကို ဆွဲကိုင်ထားရင်း
တံတားထိပ်မှနေကာ ငြိမ့်တည်ကို စောင့်နေလိုက်သည်။

ကားနောက်ခန်းမှာ တင်လာသောပလတ်စတစ်ပုံး အပြာရောင်ကို သယ်လာတဲ့
ကောင်လေး အနားရောက်လာမှ နှစ်ယောက်သား တံတားကို ဖြတ်ကာ လျှောက်ခဲ့ကြသည်။ ခိုင်မာတဲ့ သစ်သားတံတားက တကျွီကျွီအသံပင်မမြည်စေရ။ တံတားထိပ်မှာတော့ သပြေပင်တန်းများက ပြုံကာစိုက်ထားပြီး ကားတစ်စီးစာ လမ်းကလွဲရင် ကျန်တာ ပျိုးပင်များသာဖြစ်သည်။

သပြေပင်တန်းများကို ကျော်လာပြီးမှ
ဘွားခနဲ မြင်ရတဲ့ တစ်ထပ်တိုက်လေး။
ဆင်ဝင်မျက်နှာစာ ဆယ်ပေခန့်လုပ်ထားပြီး ကျန်တဲ့ ဆယ်ပေခန့်ကတော့ မှန်များဖြင့်ကာရံထားသော မျက်နှာစာဖြစ်သည်။
အာဆီ တစ်ထပ်တိုက် ခဲရောင်လေးက သပ်သပ်ရပ်ရပ်။

မှန်သားမျက်နှာပြင်ရှေ့မှာတော့ အဝကျယ်ကျယ် ကြွေရည်သုတ် မြေသားအင်တုံများက ရေအပြည့်ရှိနေပြီး အလှစိုက် ကြာမျိုးစုံဟာ ထို အင်တုံတွေထဲတွင် တင့်တယ်လို့နေသည်။
ခရမ်းရောင်ကြာငယ်များ၊ ပန်းရောင်နှင့်အဖြူစပ်သောကြာပွင့်ကြာဖူးကြီးများ၊ ပန်းဆီရောင်ညို့နေသော ကြာငုံကြာပန်းများနှင့် စိမ်းအိနေသော ကြာခွက်ကြီးများက အတန်းနှစ်ခုစီထားသော ကြာအင်တုံ ခြောက်ခုထဲမှာ သူ့ဟာနဲ့သူ လှပလို့။ ရွှေငါးပေါက်လေးများကလည်း ကြာရွက်တွေကြား ပုန်းရှိုးကွယ်ရှိုး ကူးခတ်လို့နေကြသေးသည်။

ငြိမ့် (COMPLETED)Where stories live. Discover now