Chapter-34

35.6K 3.2K 364
                                    

Unicode

ချစ်မိပြီးနောက် နေ့ရက်များ ၁၁

(အတိတ်၊ပစ္စုပ္ပန်၊အနာဂတ် အားလုံးကိုချစ်၏)

လျှို့ဝှက်ချက်တွေ ကုန်စင်သလောက်
ဖြစ်သွားပြီးနောက် ငြိမ့်တည်တို့ကြားက
ဆက်ဆံရေးလေးက ပိုပြီးချောမွေ့ကာ
သွက်သွက်လက်လက် ရှိလို့လာသည်။
ကြိုက်မရှက် ငိုက်မရှက်လို့ပဲ ဆိုရလေမလား
လူရိုးကြီး ကိုလှိုင်းဆက်သည်ပင် ခုတလော
အတော်လေးရဲတင်းပြီး ငြိမ့်တည်ကို
ဇိုးခနဲ ဇွက်ခနဲ နမ်းရတာကို သဘောတွေ့နေ၏။

ပုံမှန်လဲ ဂရုစိုက်တတ်သည် ဆိုပေမဲ့
ဒီတလောတော့ "ပိုလိုက်တာ" ဟုဆိုလောက်
အောင် ငြိမ့်တည်ကို ကပ်သည်။ မှီတွယ် စနောက်နေခြင်းမျိုးမဟုတ်ပေမဲ့ မျက်ကွယ်မှာပင် ကြာကြာမထားတာမျိုး ဖြစ်လာသည်။
အံ့ဩရသည်ဆိုပေမဲ့ တစ်ဖက်မှာလည်း
ငြိမ့်တည်ပျော်သည် ၊ ကျေလဲကျေနပ်ရသည်။

ခုနောက်ပိုင်း ညဘက် ကိုရီးယားကား အတူတူကြည့်ကြရင် ငြိမ့်တည်က ကိုယ်ပိုင်ခေါင်အုံးရနေပြီ။ ကိုလှိုင်းဆက်က သူ့ပေါင်ပေါ်ခေါင်းခုလို့ ကြည့်ခိုင်းရာက တဖြေးဖြေး
အကျင့်လိုတောင် ဖြစ်လာတော့မည်။ ဒီအတိုင်း အေးဆေးပေးကြည့်တာမျိုးတော့ မဟုတ်ပဲ ငြိမ့်တည် နားထင်ကြောတွေကို
ခပ်ဖွဖွဖိနှိပ်ပေးတာမျိုး လုပ်တတ်သည်။

အနှိပ်သည်များ ဝင်စားသလားမေးရင်
ငြိမ့်တည် အလွန်ပဲ ဖြစ်ပါအုန်းမည်။
လူကိုမြင်တာနှင့် အကြောလျှော့ပေးချင်နေတဲ့ ကိုလှိုင်းဆက်က ညဘက် ငြိမ့်တည်
တစ်ခါတစ်လေ ကျောပေးအိပ်ရင်တောင်
ဇက်ကြောကို  လာလာ နှိပ်ပေးတတ်သည်။
ဒီလိုနဲ့ သူ့ဘက်လှည့်လို့ ရင်ခွင်ထဲ ရောက်သွားတတ်တာလည်း အခါခါ။

စကားလည်း အရင်ကထက်စာရင်
အတော်လေးပြောလာပြီပင်။ ငြိမ့်တည်လောက် မပြောသေးပေမဲ့ အရင်လို စကားနည်းလွန်းသည် မဟုတ်တော့။ "ဘာစားချင်လဲ" "ဘယ်သွားချင်လဲ" "ဘာလုပ်ချင်လဲ" ဆိုတာ သူ့အပြောအများဆုံး စကားတွေပင်။
တီတီတာတာတွေချည်း ပြောဖို့ကိုတော့ လူရိုးကြီးခင်မျာ အရဲစွန့်မည့်ပုံမပေါ်သေး။

ငြိမ့် (COMPLETED)Where stories live. Discover now