Unicode
ချစ်မိပြီးနောက် နေ့ရက်များ ၁၅
အိမ်တံခါးကို သွက်သွက်ပိတ်ပြီး ငြိမ့်တည်ဆင်းလာတော့ ဆလွန်းကားအဖြူလေးက
တိုက်ခန်းရှေ့မှာ အသင့်ရောက်နေပြီဖြစ်သည်။ ကားပြတင်းပေါက်မှတဆင့် ကြည့်နေသူကို ပြံးပြရင်း ငြိမ့်တည် ခြေလှမ်းတွေကို အရှိန်တင်လိုက်သည်။တိုက်ခန်းအပြင်ဘက် ခြေလှမ်းသည်နှင့် အတွင်းကနေ
တွန်းဖွင့်ပေးလာသော ကားတံခါးက အသာဆွဲလိုက်ရုံသာ။မွေးပျံ့နေသော ရနံ့များနှင့် ကားရှေ့ခန်းထဲကို
ငြိမ့်တည် ဝင်ထိုင်တော့ ဘေးကလူက အပြုံးတွေနှင့် ကြိုသည်။ ရေမိုးချိုးထားပြီးကာစ သန့်ပြန့်နေတဲ့ကိုလှိုင်းဆက်က
ပေါ့ပေါ့ပါးပါး ရှပ်လက်တိုတစ်ထည်ကို အဝါနှင့်အနက်စိတ်ထားသည့် ပုဆိုးကွက်နှင့် တွဲဝတ်ကာထားသည်။ အင်္ကျီအဝါနုကြောင့် ကိုလှိုင်းဆက်ရဲ့ အသားအရည်က ပိုဖြူသလိုခံစားရစေသည်။ငြိမ့်တည်က ဝတ်ထားတဲ့ အင်္ကျီလက်တို့ကို ခေါက်တင်ရင်း ထိုင်ခုံမှာ သေချာနေရာရအောင်ယူလိုက်သည်။ပြီးမှ ကားဟာ တဖြေးဖြေးချင်း လမ်းမထက်မောင်းနှင်လို့ လာခဲ့သည်။
"၆၆လမ်းအတိုင်းသွားတာပဲ ကောင်းမယ်ထင်တယ်"
ကိုလှိုင်းဆက်က ကားကို ဂရုတစိုက်မောင်းရင်းပြောလို့လာသည်။ကိုလှိုင်းဆက် လက်ဖျံမှ သွေးကြောစိမ်းများက ထင်ရှားလို့နေတာမို့ ငြိမ့်တည်က လက်ဖျံတွေဆီ အရင်အာရုံရောက်မိသွားသည်။"ဟုတ်.. အဲ့ကတော့ တိုက်ရိုက်သွားရ အဆင်ပြေတယ်။ပြီးရင် ကားကို ဆေးရုံဝန်းထဲ ဝင်အပ်ပြီး ကျွန်တော်တို့ လမ်းလျှောက်ကြတာပေါ့ဗျ"
ကိုလှိုင်းဆက်က ခေါင်းတငြိမ့်ငြိမ့်နှင့် လက်ခံဝာာမို့ ငြိမ့်တည်ပြုံးလိုက်မိသည်။ ကားလမ်းရှုပ်နေတာကြောင့် ကားမောင်းနေတဲ့သူကို
အာရုံနောက်အောင်မလုပ်ပဲ ငြိမ့်တည် အပြင်ကိုသာ ငေးနေလိုက်တော့သည်။လမ်းတိုင်းလမ်းတိုင်းဟာ ဆီမီးဝါဝါများနှင့်
လင်းထိန်လို့နေကြသည်။ ဖယောင်းတိုင်များကို အတန်းလိုက်တစ်မျိုး ပုံဖော်၍တစ်မျိုး
ထွန်ထားကြသည့် အိမ်များဟာ လပြည့်ညကို
ဆင်နွှဲနေခဲ့ကြသည်။ရောင်စုံမီးလုံးများဖြင့်
အလှဆင်ထားသော ဆိုင်တွေကလည်း လမ်းတစ်လျှောက်အများပြားရှိနေပြီး လူတွေပြည့်နှက်ကာ စီးပွားအတော်ဖြစ်နေကြသည်။
ဆိုင်ကယ်နှင့်အလျှိုလျှို အသွားပြန် လုပ်နေကြသူတွေကလည်း ဝတ်ကောင်းစားလှတွေဝတ်လို့ မီးထွန်းပွဲကို မြို့ပတ်ကာ ဆင်နွှဲနေကြပုံရသည်။
![](https://img.wattpad.com/cover/282283327-288-k412435.jpg)
DU LIEST GERADE
ငြိမ့် (COMPLETED)
Romantik(အချစ်က ငြိမ့် / အခ်စ္က ၿငိမ့္) Both Zawgyi and Unicode Available