Chapter-35

37.3K 3.1K 116
                                    

Unicode

ချစ်မိပြီးနောက်နေ့ရက်များ ၁၂

(ရပ်ထားမိချင်သော အခိုက်တန့်)

တဟူးဟူးတိုက်နေသော ‌လေသည်
မျက်နှာထက်အရှိန်ပြင်းစွာ ရိုက်ခတ်နေပြီး
မျက်လုံးတွေကိုတောင် သေချာမပွင့်စေနိုင်တော့။တတီတီ ကြားရတတ်သော ကားသံ
ဆိုင်ကယ်သံများကြား တိုးဝင်မောင်းနှင်နေသော ဆိုင်ကယ်လေး။ မန္တလေးရဲ့ လမ်းမတွေထက် နေ့ခင်းအပူချိန်ကို အံတုကာ
ဖြတ်သန်းလို့လာခဲ့သည်။

တဖြတ်ဖြတ်လှုပ်ခတ်ကျန်နေသော
တိုက်ပုံအင်္ကျီစဟာ ဆိုင်ကယ်နောက်ခုံမှာ
ထိုင်နေသူအား အသေချာထိုင်ဖို့ သတိပေးနေသယောင်။တင်းကြပ်စွာ ဖက်တွယ်ထားသော လက်တို့ဟာ ရှေ့ကသူရဲ့ခါးတွေဆီမှာ ရောက်ရှိလို့နေခဲ့သည်။လူရှုပ်သည့်လမ်းမကြီးများကို ကျော်ဖြတ်လို့လာပြီး ၆၆လမ်းနှင့် ၂၆လမ်း ထောင့်အရောက်တွင် အရှိန်လျော့ကာ ရပ်လို့သွားသည်။ မီးပွိုင့်ဝါသွားတာကြောင့်ပင်။

နေ့ခင်းပိုင်း လူသိပ်မများတာကြောင့်
လှစ်ခနဲပြေးမောင်းသွားသော ဆိုင်ကယ်တချို့ရှိသော်လည်း လှိုင်းဆက်တို့ ဆိုင်ကယ်လေးကတော့ ရပ်တန့်လျက်သား။‌ ရှေ့ကကောင်လေးက နိုင်နိုင်နင်းနင်း ခြေချရပ်ထားပေမဲ့ လှိုင်းဆက်က သူ့ခြေထောက်ရှည်တွေကိုပါ ကတ္တရာလမ်းမထက် ချလိုက်သည်။
နေ့လည်ချိန်မို့ လမ်းမရဲ့အပူရှိန်ဟာ သူ့ခြေထောက်ကို ချက်ချင်းလှမ်းဟပ်လာ၏။
ပေါ့ပါးသော အိမ်စီးဖိနပ်လေးရဲ့နောက်မှာ
နီညိုရောင် ကတ္တီပါဖိနပ်နှင့် ခြေထောက်တစ်ဖက်ကနေရာယူလို့ သူတို့ဟာ ရပ်နေခဲ့ကြသည်။

လေငြိမ်သွားတာကြောင့် နှာဖျားထဲ တိုးဝင်လာသော သနပ်ခါးနံ့သည် ဖက်ထားမိသော သူဆီမှဖြစ်မည်မှာ မလွဲနိုင်။လှိုင်းဆက်သည် ထိုသနပ်ခါးနံ့ပါလာသော လေပြေကို ရှူရှိုက်မိတာကြောင့် စိတ်အေးချမ်းလာခဲ့သည်။ မီးပွိုင့်မိနေသည့် ဆိုင်ကယ်မှာ သူတို့တစ်စီးသာဖြစ်ပြီး ကျန်တာက ကားများသာဖြစ်၏။ လှိုင်းဆက်ကနေပူအောက်က လမ်းမထက်မှာ ချထားသည့် ငြိမ့်တည်ခြေထောက်လေးကို ငုံ့ကြည့်‌နေပြီး သူပါ ပိုပူလာသလို ခံစားလာရသည်။

ငြိမ့် (COMPLETED)Tempat cerita menjadi hidup. Temukan sekarang