Unicode font
ဒဏ်ရာကိုယ်စီ [ Momma's boy ]
အပိုင်း ( ၁၂ )အခန်း ( ၂၁ )
ဝဠာမိုးတိမ်ရဲ့အတိတ်။
ထိမ်းမြားမင်္ဂလာဧည့်ခံပွဲ။
အမှန်ဆို မိုးတိမ်သည် အသက်ဆယ့်ကိုးနှစ်ကျော်၊ နှစ်ဆယ်ပြည့်ခါနီး အရွယ်လောက်နဲ့ လက်ထပ်စရာ အကြောင်းကို မရှိပါ။ သူ အခုလို ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုရခြင်းရဲ့ အဓိကတရားခံက အစ်ကိုအရင်းဖြစ်သူ ကိုဝဠာစကြပါ။ ကိုစကြသာ မေမေ့စကားကို နားထောင်ပြီး မမာလာနဲ့ ခိုးမပြေးခဲ့ဘူးဆိုလျှင် မိုးတိမ်လည်း သန့်သီရိနဲ့ လက်ထပ်ရမည် မဟုတ်။
မေမေက သားနှစ်ယောက်အပေါ် မျှော်လင့်ချက်ကြီးသလောက် ကိုစကြကတော့ ကန့်လန့်တိုက်ဖို့သာ စဉ်းစားနေခဲ့သည်။ သူ နားလည်တတ်စအရွယ်ကတည်းက မေမေနဲ့ ကိုစကြက အမြဲစကားများတတ်တာကို မှတ်မိနေသည်။ ညီအစ်ကိုနှစ်ယောက်က အသက်ငါးနှစ်လောက်ကွာသောကြောင့် ကိုစကြလူပျိုပေါက်အရွယ်မှာ မိုးတိမ်ကတော့ ကလေးသာသာ အရွယ်သာ ရှိပါသေးသည်။ မေမေက အဖြူဆို ကိုစကြက အမဲ။ မလုပ်နဲ့လို့ တားမြစ်တာနဲ့ ချက်ချင်းထလုပ်ပစ်တတ်သည်။ မေမေလုပ်သမျှကို တစ်ခုမှ အကောင်းမမြင်။ ဒါကလည်း ကိုစကြက ဖေဖေကို ပိုချစ်လို့ ဖြစ်လိမ့်မည်။
ဖေဖေနဲ့ မေမေ နှစ်ဦးလုံး အလုပ်လုပ်ကြပေမယ့် ဖေဖေ့လုပ်ငန်းတွေက သိပ်မအောင်မြင်ပဲ စီးပွားရေးအကွက်မြင်သော မေမေကတော့ ဘာလုပ်လုပ် အောင်မြင်ခဲ့ပါသည်။ ထို့ကြောင့် မေမေက ဖေဖေ့ကို သိပ်အားမရခဲ့။ ဖေဖေ့ရဲ့အလုပ်မှာ မေမေက ဝင်ရောက်စွက်ဖက်တိုင်း စကားများကြရတော့ အဖေချစ်သားကိုစကြက မေမေ့ကို အကောင်းမမြင်နိုင်တော့တာ ဖြစ်နိုင်ပါသည်။
မိဘတွေက သားအကြီးဆုံးမို့ အားကိုးပေမဲ့ သူကတော့ မေမေ့စကားဆို အာခံဖို့သာ စဉ်းစားနေသူပါ။ နိုင်ငံခြားမှာ ကျောင်းသွားတက်ခိုင်းတော့လည်း ကောင်းကောင်းမနေခဲ့။ ကျောင်းလည်းကောင်းကောင်း မတက်ပဲ တစ်ချိန်လုံး ပိုက်ဆံမှာနေကာ ပျော်ပါးသုံးဖြုန်းနေလို့ ပြန်ခေါ်လိုက်ရတော့သည်။ ကိုစကြ ပြန်လာခါနီးတွင် နှလုံးအားနည်းချင်သလိုဖြစ်သော မေမေက ဘာမှမဖြစ်ပဲ ဖေဖေက ရုတ်တရက် လေဖြတ်ကာ အိပ်ရာထဲ လဲသွားတော့သည်။ မေမေ့မှာ သူ့အလုပ်တွေက တစ်ဖက်၊ ဖေဖေ့အလုပ်ကိစ္စတွေပါ ဝင်လုပ်ရရင်း အိမ်မှုကိစ္စ၊ လူမှုရေးကိစ္စရပ်တွေနဲ့ ဖေဖေ့ကို ကောင်းကောင်းမပြုစုနိုင်လို့ နေ့ရောညအတွက်ပါ သူနာပြုငှားထားရသည်။
VOCÊ ESTÁ LENDO
1️⃣1️⃣ ဒဏ်ရာကိုယ်စီ [ Momma's boy ]
Romanceလူတွေရဲ့ဘဝဟာ အစစအရာရာ ပြည့်စုံတယ်လို့ ထင်ရပေမယ့် အခြားလူတွေမသိခဲ့တဲ့ အားနည်းချက်၊ စိတ်ခံစားမှုတွေ၊ လူသိမခံရဲတဲ့ Dark side တွေ၊ ဖုံးဖိချင်ထားတဲ့ကိစ္စရပ်တွေ စသဖြင့် အမျိုးမျိုးသော အကြောင်းအရာများနှင့် လိုရာဆန္ဒတွေ လုံးဝပြီးပြည့်စုံပြီး အမြဲစိတ်ချမ်းသာ...