အပိုင်း ( ၁၃ )

1.5K 82 1
                                    

Unicode font

ဒဏ်ရာကိုယ်စီ [ Momma's boy ]
အပိုင်း ( ၁၃ )

အခန်း ( ၂၂ )

"နင့်ကိုယ်နင် အပျိုမှတ်နေလား၊ ရုပ်ကလေး သနားကမားနဲ့၊ ငါ့သားကိုများ အပိုင်ဖမ်းချင်သေးတယ်၊ တစ်ခုလပ်ကများ"

မည်သူမှန်း မသိသော အမျိုးသမီးကြီးတစ်ယောက်က စူးစူးရွားရွားစိုက်ကြည့်ကာ ရက်ရက်စက်စက် ပြောသောစကားကြောင့် မယ်သည် နားနှစ်ဘက်ကို လက်နဲ့ပိတ်ကာ ခေါင်းခါလိုက်မိသည်။ သူမဘဝ သက်တမ်းတစ်ဝက်လောက် ဒီလိုအပြောအဆိုခံပြီးနေလာခဲ့ရတာ။ ဘယ်အချိန်ထိများ အပြောခံနေရဦးမှာလဲ။ မခံချင်စိတ်တွေနဲ့ မျက်လုံးစုံမှိတ်ကာ အော်ပြောပစ်ချင်ပေမယ့် စကားသံက ထွက်မလာခဲ့။

"မဟုတ်ဘူး၊ ကျွန်မ တစ်ခုလပ်မဟုတ်ဘူး၊ အပျို… ကျွန်မ အပျိုပါ… "

မျက်ရည်တွေကျဆင်းကာ ပြန်ပြောနေခဲ့ပေမဲ့ ဖွင့်မရတဲ့ပါးစပ်က ဝူးဝူးဝါးဝါးအသံသာ ထွက်နေရင်း လန့်နိုးလာခဲ့တော့သည်။ မယ်သည် အပြင်မှာပါ ကျဆင်းနေသောမျက်ရည်တွေကို သုတ်လိုက်သည်။ ချွေးစေးပြန်ကာ မောပန်းနွမ်းနယ်နေရင်း အိပ်မက်အကြောင်း ပြန်တွေးနေမိသည်။ ဒါ… အိပ်မက်မှ မဟုတ်တာ။ သူမ လက်တွေ့ကြုံတွေ့ခဲ့ရတဲ့ တကယ့် အဖြစ်အပျက်တွေပဲလေ။ အဲ့လို အပြောခံခဲ့ရတာ တစ်ခါ၊ နှစ်ခါမှ မကခဲ့တာ။

အတိတ်အကြောင်းကို ပြန်တွေးလိုက်တိုင်း သရဲတစ္ဆေ အခြောက်ခံရတာထက်ပင် ကြောက်လန့်ရလွန်းလို့ ဘယ်တော့မှ ပြန်မတွေးချင်ခဲ့။ ဤသို့ အိပ်မက်ဆိုးများ ရက်ရှည်မက်တတ်လွန်းလို့ အတိတ်ကို တမင်တကာ မေ့ဖျောက်ထားကာမှ အခုတော့ ထပ်ပြီး မက်ရပြန်သည်။ အသက်ရှူကြပ်ကာ နေရခက်လာလို့ အခန်းထဲမှ ထွက်ကာ လေကောင်းလေသန့်ရှူရန် ဝရန်တာသို့ ထွက်လာခဲ့လိုက်သည်။

မွန်းကြပ်လိုက်တာ။ အသက်ရှင်နေရတာ အဓိပ္ပါယ်မရှိတဲ့ ဘဝကြီးကို ပိုင်ဆိုင်ထားရသလိုပင်။ ကဲ့ရဲ့ပြောဆိုသော စကားလုံးတွေကို ခံနိုင်ရည်ရှိပြီ၊ ဂရုမစိုက်တော့ဘူးဟု ထင်ခဲ့ပေမဲ့ သူမဟာ အခုချိန်ထိကို နေသားမကျနိုင်သေးတာပါလား။ တစ်ခုလပ်ဆိုသော ဘဝကြီးကို လက်မခံချင်ပဲ ထိုဘဝမှာပဲ နေခဲ့ရတာ ကြာပြီဆိုပေမဲ့ ဘာလို့များ နေသားမကျနိုင်သေးတာလဲ။

1️⃣1️⃣ ဒဏ်ရာကိုယ်စီ [ Momma's boy ]Donde viven las historias. Descúbrelo ahora