( ၉ )

3.9K 463 6
                                    

( Unicode )

ညီလာခံခန်းမ၏ လေထုမှာ အုံ့မှိုင်းလျက်ရှိသည်။

ဧကရာဇ်ဝမ်သည် သဝဏ်လွှာများအား တည်ကြည်စွာဖတ်ရှုနေပြီး မျက်နှာထားမှာလည်း ခံစားချက်ကင်းမဲ့လို့နေသည်။ ထို့ကြောင့် ယခင်က ရေနွေအိုးကြီးများနှယ် ပွက်ပွက်ဆူ လှုပ်ရွနေသော အမတ်များမှာ ထူးခြားစွာဖြင့် ငြိမ်သက်နေကြသည်။

ဧကရာဇ် အမျက်တော်ရှလျှင် သက်သာမည်မဟုတ်လှ။

" ချွမ်ခရိုင်ရဲ့ လစဉ်အခွန်တွေက ဘာလို့ သည်လောက်တောင်လျော့နေရသလဲ"

အသံက တင်းမာနေသည်။

ခရိုင်အသီးသီးမှ လစဉ်အခွန်တော်များက အရေးကြီးသည့်ထဲပါသည်။ တိုင်းပြည်ဘဏ္ဍာတော်မပြည့်လျှင် လိုအပ်သည့်နေရာများသို့ ထောက်ပံ့ပေးနိုင်မည်မဟုတ်သောကြောင့် အခွန်တော်နှင့်ပတ်သက်လျှင် စည်းကမ်းတင်းကျပ်ထားပေသည်။

ချွင်ခရိုင်၏မြို့စားမင်းသည် ရှေ့ထွက်လာပြီး ကိုယ်ကို ကိုင်းညွတ်လျက် လျှောက်တင်လာ၏။

"ရှေ့လမှာ ပျံ့ပွားခဲ့တဲ့ တုပ်ကွေးရောဂါကြောင့် ချွမ်ခရိုင်က ပြည်သူအများစု ဖျားနာခဲ့ပါတယ်။ လုပ်ငန်းဆောင်တာတွေ ရပ်နားထားရတာကြောင့် တချို့တလေကလွဲရင် အခွန်လည်းမဆောင်နိုင်ကြပါဘူး။ သည်ငယ်သား အတင့်ရဲစွာနဲ့ပဲ တောင်းဆိုပါရစေ။ သည်တစ်လလောက်ပဲဖြစ်ဖြစ် ချွမ်ခရိုင်ရဲ့ လစဉ်ကောက်ခံရမဲ့အခွန်ကို ဖြေလျော့ပေးတော်မူပါ"

"ချွမ်ခရိုင်ရဲ့ အခွန်တွေကို ဖြေလျော့ပေးလိုက်တာနဲ့ တစ်ခြားခရိုင်တွေကပါ ဖြေလျော့ပေးဖို့တောင်းဆိုလာလိမ့်မယ် မောင်မင်း တောင်းဆိုတာကို ကိုယ်တော် လက်မခံနိုင်ဘူး"

" ဒါပေမဲ့ အရှင်မင်းမြတ်... အခုအချိန်မှာ ပြည်သူတွေဆီက ဘာမှကောက်ခံလို့ရမှာမဟုတ်တာ။ ရောဂါကြောင့်နားခဲ့ရတဲ့အချိန်တွေအတွက် တစ်နေ့ ထမင်းတစ်နပ်စားနိုင်ဖို့တောင် ရုန်းကန်နေရတာပါ။ "

ဧကရာဇ်အရှင်က မျက်မှောင်ကြုံ့လာပြီဖြစ်သည်။

လေထုအခြေအနေမှာ တင်းမာသည်ထက်တင်းမှာလာပြီး အသက်ရှုကျပ်ရစရာပေမို့ ရှောင်းကျန့်က ကြားဝင်ရန် ဆုံးဖြတ်လိုက်သည်။

ShizunWhere stories live. Discover now