( ၁၁ )

4K 465 3
                                    

( Unicode )

ယမကာရနံ့များ စားသောက်ဖွယ်ရာများဖြင့် လေထုသည် လွန်စွာ သက်ဝင်လျက်ရှိ၏။ အဝေးတစ်နေရာမှ တူရိယာတီးခတ်သံများကလည်း ငြိမ့်ငြိမ့်ညောင်းညောင်း ပျံ့လွင့်လို့နေသည်။

မင်းသား၄ နှင့်မင်းသား၆သည် စောစီးစွာရောက်ရှိနေကာ မြို့စားမင်းဝူယွမ်းနှင့် စကားစမြည်ပြောနေသည်။

"အရှင့်သားတို့ တကယ်ပဲ နန်းတော်ကိုပြန်မလာတော့ဘူးလား ဘုရား"

သစ်ရိပ်ဝါးရိပ်တို့အောက် နေခဲ့ကြသည်လားတော့မသိ။ ဝမ်ရိယွမ်(မင်းသား၄) နှင့် ဝမ်ရိချန် (မင်းသား၆)၏ ကိုယ်နှုတ်အမူအရာမှာ လွန်စွာ ညင်သာ လျက်ရှိသည်။ ယင်းက သူတို့နှစ်ယောက်အား မင်းသားများထက် စာပေပညာရှင်များနှင့်သာ ပိုတူစေသည်။

" ကျန်းဟူလောကက ကျယ်ပြောလွန်းပါတယ်။ အလှအပတွေကို မခံစားရပဲ နန်းတွင်းထဲမှာသာ ခြေချုပ်မိနေရင် ဘယ်ပျော်ဖို့ကောင်းတော့မလဲ"

"အရှင့်သား ပြောတာမှန်ပါတယ်"

မကြာလိုက် အသိပေးသံကျယ်ကျယ်က တံခါးဝမှတစ်ဆင့် ထွက်ပေါ်လို့လာသည်။

" အိမ်ရှေ့စံအရှင့်သား ကြွချီလာပါပြီ! "

အိမ်ရှေ့စံဆိုသည်မှာ ဧကရာဇ် မဖြစ်သေးသည့်တိုင် အရှိန်အဝါနှင့် ဘုန်းကံမှာ မျက်စိကျိန်းစရာပင်။
ချောမောခံ့ညားမှုနှင့်အေးစက်တင့်တယ်မှုကို အချိုးကျ ပေါင်းစပ်ထွင်းထုထားသကဲ့သို့သော မျက်နှာနှင့် စူးရှနက်မှောင်သည့် မျက်ဝန်းတို့မှာ မြင်သူတကာ ဦးညွတ်စေနိုင်သည်အထိ အာဏာစက်ပြင်း၏။ သို့သော် မျက်လွှာချထားခြင်းဖြင့် အလုံးစုံသော အမူအရာတို့ကို ထိန်းချုပ်ထားသည်သာ။

" အိမ်ရှေ့စံအရှင့်သားက ကောင်းကောင်းမွန်မွန်ကြီးပြင်းလာခဲ့တာပဲကိုး "

ဝမ်ရိယွမ်သည် အတိတ်မှ ညီတော်သေးသေးလေးအား လွမ်းဆွတ်နေသည့်ဟန်ပင်။ သူတို့ နန်းတွင်းမှထွက်လာသည့်အချိန်တွင် အိမ်ရှေ့စံဝမ်ရိပေါ် သည်အ အနှီးထုတ်လေးသာသာ ရှိသေးသည်မဟုတ်ပေလော။

နူးညံ့အိစက်နေသည့် နီတာရဲလေးအား ဝမ်ရိယွမ် သိပ်ကို ချစ်ခဲ့ရပါသည်။

ShizunWhere stories live. Discover now