Part 2 Unicode

3.9K 263 51
                                    

ဒုန်!...ဒုန်!...ဒုန်!...

ရွာဦး ဘုန်းကြီးကျောင်းမှ အုန်းမောင်း ခေါက်သံကြောင့် ကျွန်း တစ်ယောက် နိုးလာလေတော့သည်။ကျိန်းစပ်နေတဲ့ မျက်လုံးတွေ​ကို လက်ချောင်းထိပ်နှင့် ခပ်ကြမ်းကြမ်း ပွတ်သပ်လိုက်ပြီးနောက် သူ့ ဘေးတွင် အတောင့်လိုက်ကြီး အိပ်ပျော်နေတဲ့ ဟိန်းသံလွင်ကို ကြည့်လိုက်လေ၏။သူ မအံ့သြမိပေ။သူ အမူးပြေပြီး  နိုးလာသည့် အချိန်တိုင်း ကွင်းလယ်ခေါင်က
တဲထဲတွင်သာ ဖြစ်သလို၊ဟိန်းသံလွင်ကလည်း သူ့ ဘေးတွင် အိပ်ပျော်နေမြဲ။

ကျွန်း တစ်ယောက် အိပ်ရာပေါ်တွင် ဖြေးဖြေးထ ထိုင်လိုက်ပြီး ဟိန်းသံလွင် အနား တိုးကပ်လိုက်ကာ အိပ်ပျော်၊မပျော် စမ်းသပ်ရန် သူ့ လက်ကို ဟိန်းသံလွင် မျက်နှာ ရှေ့တွင် ဝှေ့ယမ်းလိုက်လေသည်။အိပ်ပျော်နေတာ သေချာမှ ကျွန်းက ခပ်တိုးတိုး ရေရွတ်ကာ ဟိန်းသံလွင်ကို အပြစ်တင် စကား  ဆိုလိုက်လေ၏။

"ဟင်း...သေနေလိုက်တာများ ဝက်ကျနေတာပဲ၊ဒီ မဲမဲ ရှည်ရှည်ကောင်ကို နွယ်နှောင်းက ဘယ်နေရာများ ကြည့်ကြိုက်နေတာလဲ မသိဘူး၊အလကား အရှည်ကောင်"

တကယ်တော့ ဟိန်းသံလွင်၏ အသားအရည်က ညိုနေရုံသာ။သူ့ဟာသူ ကြည့်မရ၍ အပိုလုပ် ပြောလိုက်ခြင်းပင်။ပြီးနောက် သူက နှာခေါင်း တစ်ချက် ရှုံ့လိုက်ကာ ဟိန်းသံလွင်၏ မျက်နှာကို လက်သီးနှင့် ချိန်ရွယ်၍ ထိုးမည့် ဟန်ပြုလိုက်လေ၏။လက်သီး ဆုပ်၍ ချိန်ရွယ် ထားသည်မှာ အချိန် မည်မျှ ကြာသွားသည် မသိ။သူ့ လက်ညောင်းလာတော့မှသာ အလျှော့ပေးလိုက်ကာ လက်သီးဆုပ်ကို လေထဲတွင် သုံးချက်မျှ ထိုးချပစ်လိုက်လေသည်။အိပ်မောကျနေသည့် မိမိ၏ ငယ်သူငယ်ချင်းအား နွယ်နှောင်းကြောင့်နှင့်တော့ သူ မထိုးရက်ပေ။ဘယ်လိုပဲ ဖြစ်ဖြစ် ဟိန်းသံလွင်ဘက်မှ ပြန်မကြိုက်သရွေ့ ကိစ္စ မရှိပေ။သို့ပေမဲ့ နွယ်နှောင်းဘက်မှ သဘောကျနေသရွေ့
ဟိန်းသံလွင်ကို သူ အဖက် လုပ်မည် မဟုတ်ပေ။

ထို့နောက် ကျွန်းက ခါးဝတ် ပုဆိုးကို မြဲအောင် ပြင်ဝတ်လိုက်ရင်း ရွာထဲသို့ ပြန်ဝင်ရန် ခြေ ဦးတည်လိုက်လေတော့၏။အချိန်အားဖြင့် ဝေလီဝေလင်း ဖြစ်နေပြီ ဖြစ်သောကြောင့် ကန်သင်းရိုးတွေကို သူ စာမဖွဲ့တော့သလို
မြွေတွေ၊ကင်းတွေကိုလည်း ကြောက်မနေတော့ပေ။စာဖွဲ့ရမှာက အိမ်ပြန်ရောက်တဲ့ အခါ သူ
ညဘက် အိမ် ပြန်မလာခြင်းကြောင့် မိခင်ဖြစ်သူ ဒေါ်တုတ်၏  ဆူပူ ကြိမ်းဝါးမှာကိုပင် ဖြစ်၏။

ဗြုတ်စဗျင်းတောင်း ကျွန်တော့် ယောင်္ကျားလောင်း(completed)Where stories live. Discover now