Part 12 Unicode

2.8K 210 5
                                    

"ငါတို့ သူဌေးမကြီး ဒေါ်တုတ် အိမ်မှာ မင်္ဂလာဆောင် ရှိတယ် ဆိုပဲကွ"

သူရင်းငှား ဦးထွန်းမြင့်မှ ရေနွေးကြမ်း သောက်ရင်း စကားစလိုက်ခြင်းပင် ဖြစ်၏။အလုပ်တွေလည်း အားလုံး ပြီးပြီ ဖြစ်သလို အိမ်ပြန်ဖို့ ရက်လည်း မလိုတော့တာကြောင့် အားလုံးက အေးအေး ဆေးဆေးပင်။

"ဘယ်သူနဲ့ ဘယ်သူ ယူကြတာတုန်း"

စိုးနိုင်က ကွမ်းယာ ယာနေရင်းမှ မေးလိုက်ခြင်း ဖြစ်၏။

"ဟ စိုးနိုင်ရ၊ဒေါ်တုတ် အိမ်ပါ ဆိုမှ ဒေါ်တုတ်တော့ ဆောင်ပါ့မလား၊သူ့သား ကျွန်းနဲ့
နွယ်နှောင်းတို့ပဲ ဖြစ်မှာပေါ့၊အရင် ရက်က အဲဒီ ကလေးမ အဖေ ဆုံးတော့ အားကိုးရာ လူမရှိတော့လို့ အလျင်စလို စီစဥ်လိုက်တာပဲ ဖြစ်မှာ"

"ဒါဆို ဟိန်းသံလွင်က ဘယ်လိုလုပ်မလဲ ဦးလေးရ"

စိုးနိုင်က အသံကို နှိမ့်ကာ မေးလေ၏။တော်ကြာနေ ဟိန်းသံလွင် ကြားသွားရင် မကောင်းလှပေ။အစက ဟိန်းသံလွင်ကို သူ ကြည့်မရသော်လည်း အခုတော့ မတူတော့ပေ။
ဟိန်းသံလွင်က စည်းကမ်းရှိကာ သူဌေး သမက်ဆိုပြီး မာန မကြီးဘဲ ပင်ပန်းလောက်သည့် အလုပ် မှန်သမျှ သူပဲ သိမ်းကြုံး လုပ်ရှာလေသည်။ထို့ကြောင့် လူတိုင်းလိုလို ဟိန်းသံလွင်ကို ခင်ချင်လာကြလေသည်။ထို အထဲတွင်
ဦးထွန်းမြင့်တော့ မပါသေးပေ။

ဟင်းးးး

ဦးထွန်းမြင့်က သက်ပြင်းရှည်ကြီး ချလိုက်ရင်း

"အစတည်းက မဖြစ်နိုင်ဘူးလေကွာ၊ကျွန်းက အရင်တည်းက နွယ်နှောင်းကို အသည်းအသန် ကြိုက်နေတာ မဟုတ်လား၊အခုလို ရေကန်
အသင့်၊ကြာအသင့် ဆိုတော့ နွယ်နှောင်းကိုပဲ ယူမှာပေါ့၊ဟိန်းသံလွင်ကတော့ ယောက်ျားလေးလေကွာ၊ကျွန်းက တကယ် ဘယ်ကြိုက်ပါ့မလဲ၊အစတည်းက သူ့ အမေကြောင့် မလွှဲသာလို့ လက်ခံထားတာပဲ ဖြစ်ရမယ်"

တဲထဲမှ ပြောနေသည့် စကားများကို အပေါ့သွားရာမှ ပြန်လာသည့် ဟိန်းသံလွင် တစ်ယောက် အံကို တင်းတင်းကြိတ်၍ နားထောင်နေမိလေသည်။

ထို့နောက် တင်းကုပ်ထဲတွင် ထိုင်ချလိုက်ပြီး ဒူးခေါင်း နှစ်လုံးကြားထဲ ခေါင်းညှပ်၍ အသံတိတ် ငိုကြွေး နေမိလေသည်။အခု အချိန်တွင် ဖြစ်နိုင်ချေ ရှိတာတွေ၊မရှိတာတွေ သူ မစဥ်းစားနိုင်တော့ပေ။သူ ထွက်ပြေးချင်မိသည်။ဘယ်ကိုမှန်း မသိပေမဲ့ သူ ထွက်ပြေး ပစ်လိုက်ချင်သည်။ထို့နောက် တင်းကုပ်တိုင်တွင် ချိတ်ထားသည့် အသင့် ထုပ်ပိုးပြီးသား လွယ်အိတ်ကို ဖြုတ်ယူလိုက်လေ၏။ရိတ်သိမ်း၍ ရသမျှ ဝင်ငွေတွေကို ဦးထွန်းမြင့်ဆီ အပ်ထားသဖြင့် ဒေါ်တုတ်ဆီ ပြန်အပ်မှာ သေချာလေသည်။
ထို့ကြောင့် နောက်ကြောင်း အေးရလေ၏။

ဗြုတ်စဗျင်းတောင်း ကျွန်တော့် ယောင်္ကျားလောင်း(completed)Donde viven las historias. Descúbrelo ahora