_14_Brake out all the rules for you.

1.4K 111 2
                                    


တိတ်ဆိတ်ခြောက်ကပ်နေတာပဲ... ပျင်းစရာကောင်းသည်။ ဒီမြို့ရဲ့ ဒီလိုအချိန်ရာသီဥတုက အလှဆုံး နေလို့အကောင်းဆုံးလို့ လူတွေ ပြောကြသည်။ သို့သော် သိင်္ဂီကတော့ မကြိုက်ပါ။ နှင်းတွေစိုနေတာကိုလည်း မကြိုက်ပါ။ လေထုကစ အေးမြလာတာ... တိမ်တွေစင်နေပြီး နေရောင်ခြည်က နွေး​ထွေးနေတာ... ဆောင်းဦးပန်းတွေ ပွင့်လာတာ... အဲ့ဒီလိုမျိုး လှပခြင်းတွေကတောင် သိင်္ဂီ့ကို မပျော်ရွှင်စေပဲ ဖြစ်နေသည်။ ကျောင်းမြန်မြန်ဖွင့်ပြီး အိမ်ကနေ... ဒီမြို့ကလေးကနေ ထွင်သွားချင်နေပြီ။

ဘာလို့ပါလိမ့်....
သိင်္ဂီက ဘယ်သူမှန်းမသိတဲ့ တစ်စုံတစ်ယောက်ကို လွမ်းဆွတ်နေမိတာ။
November.

" အယ်.... ဟိုလူကြီး.... "

သိင်္ဂီအခန်းထဲက အခန်းပြင်မထွက်ပဲ အိမ်ပေါ်ထပ်သူမအခန်းပြတင်းပေါက်လေးကနေ အဝေးကို ငေးနေခဲ့တာ ဖြစ်ပါသည်။ အခုရက်ပိုင်း သူငယ်ချင်းတွေနဲ့လည်း မတွေ့ဖြစ်ပဲ ရှိနေကြသည်။ အလိမ္မာကတော့ ထားပါတော့။ သူ့အကိုတစ်ယောက်လုံး အိမ်ကနေထွက်သွားတာက နဂိုတိတ်ဆိတ်လွန်းသော ကောင်မလေးကို ပိုတိတ်ဆိတ်အေးစက်သွားစေတာ သိင်္ဂီနားလည်ပေးနိုင်သည်။ မေဇွန်ကပါ... သူ့ရည်းစားပျောက်သွားတာကို အသည်းကွဲနေသလိုမျိုး အိမ်တွင်းပုန်းကာ သူမကို ပစ်ထားတော့သည်။

" အဲ့ကောင် နင့်ကို ဘာမှ ပြောမသွားဘူးလား... နှုတ်ဆက်မသွားဘူးလား။ ဘယ်သွားမယ် ဘာညာ ဘာမှ မပြောသွားဘူးလား... "

သိင်္ဂီက သူမတို့အိမ်ထိ အလည်သွားကာ မေးတော့ မေဇွန်က မတုန်မလှုပ်နဲ့...

" ဘယ်သွားမယ်လို့ မပြောခဲ့ပေမယ့်... နှုတ်ဆက်တော့သွားတယ် ထင်ပါတယ် "

" ဟမ့်.... နင့်အ​ဖြေကလည်း ဘာကြီးလဲ... "

" သူ ငါ့ကို နှုတ်ဆက်သွားပြီးသားပါ... "

" ဟုတ်လား... မသွားခင်ညကလား... "

မေဇွန်က မ​ဖြေပဲ အိပ်ယာထဲပဲ ခွေနေတာနဲ့ သိင်္ဂီအိမ်ပြန်လာခဲ့ရပါသည်။ ကျက်သတုံး တစ်ကောင်ကြောင့် သိင်္ဂီ ကျောင်းပိတ်ရက်မှာ တော်တော်ကြီးကို ခြောက်ကပ်အထီးကျန်နေလှပြီ။ အခုလို ကိုမင်းထက်မြတ်နိုင် ပြန်လာတာ မြင်လိုက်ရတော့ စိတ်ထဲမှာ လှိုက်ကနဲ့ကို ပျော်ရွှင်မိသွားတော့သည်။ အိမ်ပေါ်ထပ်က ပြေးဆင်းလာခဲ့ပြီး အောက်ရောက်တော့ ဘုန်းပြည့်လျှံနှင့် တွေ့သည်။

Forever HomeWhere stories live. Discover now