_13_The one who always run away from home.

1.3K 107 6
                                    


" အမေကြီး.... အမေကြီး... "

မနက်အစောကြီးမှာ အလိမ္မာ့အသံလေးက ထူးဆန်းစွာ ကျယ်လောင်လျက် ခါတိုင်းနဲ့မတူပဲ ပြာယာခတ်နေခဲ့တာ။ အဲ့ဒီနေ့က ပိုင်ပိုင် အိမ်ကနေ ပျောက်သွားတဲ့ နေ့ကလေ....
သူမတို့ အသက် ၉နှစ်လောက်ပဲ ရှိဦးမှာ။

" ပိုင်ပိုင်ကလေ.... ပိုင်ပိုင်က.... အခန်းထဲမှာလည်း မရှိဘူး... "

အလိမ္မာ့မျက်ရည်နဲ့ ပူပန်တတ်မှုကို အိမ်ကလူတွေက အဲ့ဒီနေ့ကမှ မြင်ဖူးခဲ့တာတဲ့။ အဲဒီမတိုင်ခင်ကဆို အလိမ္မာက နာရင်တောင် မငိုတတ်တဲ့... တစ်ခုခုလုပ်ပါလို့ မပြောရင် ကိုယ့်ကိုကိုယ် အလိုအလျောက် ကာကွယ်ရမယ့်အလုပ်တွေကိုတောင် မလုပ်တတ်ခဲ့ဘူးတဲ့။ ဥပမာ နွားနို့ပူပူကို
" သောက်ပါ " လို့ မပြောမချင်း မသောက်တတ်ခဲ့တာမျိုး... " ပူတယ် မှုတ်သောက်နော် " လို့မပြောရင် အပူကိုလည်း ကြိတ်မှိတ်ကာ သောက်တတ်တာမျိုးတဲ့။ အစကဆို အလိမ္မာ့ကို  ဉာဏ်ရည်မမီတဲ့ကလေးလို့ကို ထင်ခဲ့ကြတာတဲ့။ အဲ့ဒီလိုကောင်မလေးက နိုင်နိုင်နဲ့ ပိုင်ပိုင် ရောက်လာပြီးနောက်ပိုင်းမှ ရယ်မောတတ်ခဲ့တာ... နောက်ပြီး အဲ့ဒီနေ့ကမှ... ငိုတတ်ခဲ့တာတဲ့။

နွေးထွေးတဲ့နှလုံးသားကို ကွယ်ဝှက်ထားတဲ့ အေးစက်စက် ကောင်မလေးပေါ့...

" သမီးဘလေး လိုက်ရှာနေတယ်... ပြန်တွေ့မှာပါ ငါ့မြေးရဲ့.... "

အဲ့ဒီနေ့က ပိုင်ပိုင့်ကို သူမက ဆူလိုက်လို့ အိမ်ကနေ ထွက်သွားခဲ့တာ။ ပိုင်ပိုင်ဆိုသော ထိုကောင်လေးဟာ... အဲ့ဒီချိန် ငယ်ငယ်ထဲက... ဒီဘွားအေကြီးကို ပုန်ကန်တတ်လာခဲ့တာ။

" သူ့အိမ်ကို ပြန်သွားတာလား မသိဘူးနော်.... သူအမြဲပြန်မယ်လို့ ပြောနေတဲ့အိမ်ကိုလေ... "

မငိုပါနဲ့လို့ အလိမ္မာ့ကို မတားရက်ခဲ့ပါ။ အခုမှ နှလုံးသားကို ဖွင့်ဟလာတတ်တဲ့ ကလေးငယ်လေးကိုလေ.... ကလေးပီပီ လွတ်လွတ်လပ်လပ် အော်ငိုတတ်စေချင်ခဲ့တာပါ။

" ဘယ်ကိုပဲသွားသွား အမေကြီးက သူ့ကို ပြန်ခေါ်လာမှာမို့ အလိမ္မာက လျောက်ပြီးသွားမနေပဲ အိမ်ကနေစောင့်နေနော်။ အမေကြီး သူ့ကို ရှာပေးမယ်.... "

Forever HomeDonde viven las historias. Descúbrelo ahora