။ ၁ ။

949 62 2
                                    

Unicode

လူသားတွေကြားမှ ဆက်ဆံရေး၊ရေစက်ဆိုသည်ကား ကံစီမံရာသာ။အချိန်၊နေရာ မည်မျှပင်သဟဇာတဖြစ်စေကာမူ အလုပ်ဖြစ်မည်မဟုတ်။

အချစ်အကြောင်းပြောရမည်ဆိုလျှင်၊ဥပမာ မင်းရဲ့ဖူးစာဖက်နဲ့ အချိန်မှားယွင်းပြီး သွားဆုံမယ်ဆိုကျပါစို့၊ဘယ်လောက်ပဲ ဖူးစာပါပါ လူနှစ်ဦးကြားက အဲ့ဒီဖူးစာကြိုးကလည်း ပြတ်တောက်သွားမှာပဲ။

အကယ်၍ ကျွန်တော့်အမေသာ ကုယွမ်လီနဲ့ နောက်နှစ်နှစ်လောက်ကြာမှ တွေ့ဆုံခဲ့မယ်ဆိုရင် သူမရဲ့သတို့သားလောင်းနဲ့ လက်ထပ်ပြီးလို့ သားသမီးတွေတောင် ထွန်းကားနေလောက်ပြီ။ခုချိန်ဆို သူမရဲ့ဘဝလေး ဘယ်လောက်တောင် လှပနေလိမ့်မလဲလေ။ဘာ့ကြောင့်များ သူမ အသက်၄၀မတိုင်သေးခင် ရောဂါဆိုးကြီးရဲ့ ဆွဲချမှုဒဏ်ကို ခံလိုက်ရရှာပြီး လောကကြီးကိုစွန့်ခွာသွားခဲ့ရတာလဲ။

သူမ ကုယွမ်လီနှင့် တွေ့ဆုံခဲ့ရချိန်မှစလို့ ထိုသူသည် သူမ၏ ပြေးမလွတ်သောဝဋ်ကြွေးသဖွယ် ဖြစ်လာခဲ့သည်။ထိုပလေးဘွိုင်းကောင်၏ သာယာနာပျော်ဖွယ် စကားလှလှလေးများအောက် မျက်ကန်းသဖွယ်ဖြစ်ခဲ့ရပြီး၊ထိုသူနှင့်အတူ လောကကြီးကို တောင်တောင်အီအီ စူးစမ်းချင်ခဲ့သည်။အဆုံးသတ်၌ သူမ ဘာဆိုဘာမျှရမသွားခဲ့၊ကပ်ဆိုးကြီးတစ်ခုကို ဆောင်ကျဥ်းခဲ့ရုံကလွဲလို့ပေါ့။

ကုန်ကုန်ပြောရလျှင် သူမက သူမအပေါ်ရိုက်ခတ်လာသည့် ကပ်ဆိုးကို မကျော်လွှားနိုင်ခဲ့ရုံမျှမက ကျွန်တော့်ဆီကိုပါ ကျွန်တော့်ဆန္ဒမပါဘဲ အတင်းကျပ်လွှဲပြောင်းပေးခဲ့သေးသည်။ထိုအရာက ကျွန်တော့်ကံကိုပိုဆိုးသွားစေရုံအပြင် မပိုခဲ့။

ဆိုးဝါးခါးသီးဆုံးအချိန်တွေ ကုန်လွန်ခဲ့ပြီဟု ကျွန်တော်ထင်ခဲ့မိသည်။ခပ်မြင့်မြင့်တောင်တစ်လုံး ထပ်ပြီးရှိနေလိမ့်မယ်လို့ ဘယ်သူကထင်မှာတဲ့လဲ၊Mount Everestက ကျွန်တော့်ကိုကြိုစောင့်နေလိမ့်မယ်လို့လေ။
    
ကျွန်တော်နှင့်ရှီကျောင့်ဟယ်ကြားက ဆက်ဆံရေးကို အချစ်ဟု ခေါင်းစဥ်တပ်မရပါ၊ကျွန်တော်သည် သူ့အပေါ်  ငွေရေးကြေးရေးအရ မှီခိုနေရုံသာ ဖြစ်ပြီး၊သူသည်လည်း ကျွန်တော့်ကို ဒိုင်းကာအဖြစ်အသုံးချကာ အရှက်မရှိ ပူးပေါင်းပေးခဲ့၏။ဒုက္ခပေါင်းစုံနှင့်အကြွေးတောထဲနစ်နေချိန်၊သည်လိုအခြေနေမျိုးဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့၊ကံမ၍သာပင်။
    
ရှီကျောင့်ဟယ် နိုးလာသောအခါ မျက်ဝန်းအစုံမှာ စိမ်းသက်လို့နေပြီး စိတ်ရှုပ်နေပုံရ၏။
    
" မင်းက...ကုထောင်မလား ? ဘာလို့ဒီရောက်နေတာလဲ၊ငါကရော ဘယ်မှာလဲ " သက်သောင့်သက်သာမဖြစ်ဟုခံစားရသည်ထင်၊ထိုသူက သူ့ခေါင်းမှပတ်တီးကို ဆွဲခွာချင်နေသည်။
    
ဒဏ်ရာကို ခိုက်မိမည်စိုး၍ အငြိမ်မနေသောလက်တို့ကို ကျွန်တော်ဆွဲယူကာ ကာဆီးလိုက်ပြီး " အရမ်းမလှုပ်နဲ့..မင်းကားအက်စီးဒန့်ဖြစ်ခဲ့တယ်လေ မှတ်မိလား၊လွန်ခဲ့တဲ့၃ရက်လောက်က မင်း နေ့လည်ပိုင်း ဟိုင်းဝေးလမ်းမပေါ်မှာ အရှိန်လွန်ပြီး ကားနောက်ပိုင်းနဲ့သွားညိတယ် ပြီးတော့ ကား၇စီးလောက်ဆင့်တိုက်သွားပြီးတော့ မင်းခေါင်းထိပြီး သုံးရက်လောက်မေ့မျောနေခဲ့တယ်..မှတ်မိလား "
    
ကျွန်တော် အဲ့သတင်းကိုကြားကြားချင်း သေမလောက်ကြောက်ခဲ့ရပြီး၊ရှီကျောင့်ဟယ် ဘာ့ကြောင့်များ ကားတိုက်မှုတွေပဲဖြစ်နေရလဲဆိုတာကို ဘုရားသာသိလိမ့်မည်။ကျွန်တော် သတင်းကြားကြားချင်း ဆေးရုံကို အမြန်ပြေးသွားခဲ့သည်။ဆရာဝန်ကတော့ ပြောပါတယ် ခေါင်းထိပြီးမေ့နေတာမို့ မကြာခင်နိုးလာလိမ့်မယ်လို့ပေါ့၊မထင်ထားတာက ၃ရက်လောက် မေ့မျောနေခဲ့တာပဲ။
    
" ကားအက်စီးဒန့် ? " ရှီကျောင့်ဟယ်၏ မျက်ဝန်းထဲ သံသယအထင်းသားနှင့် မျက်ခုံးတို့တွန့်ချိုးလျက် ဆက်ပြောလာ၏။

Forgotten Days [ မြန်မာဘာသာပြန် ] Hikayelerin yaşadığı yer. Şimdi keşfedin