အခန်း ၁၅။

5.4K 579 9
                                    

[Unicode]

အိမ်လေးမှာအိပ်ပျော်ကျန်နေခဲ့တဲ့ အောင်ဟိန်းထက်နဲ့ခန့်မိုးဝေတို့ကို အကျိုးအကြောင်းတောင်မပြောပဲနဲ့ သူကိုသိင်္ခနောက်ကိုကောက်နေအောင်လိုက်လာတာ။ ရွာပြန်တုန်းကကားပေါ်မှာအမြဲဖွင့်တဲ့သီချင်းလိုလေ။

" မောင်ခေါ်ရာလိုက်ခဲ့တော့မယ်
ယုံတော့မောင်ကြီးရယ်
ဘယ်မကွာ ဆုံးသက်တိုင်မယ်
ပျို့သက်ပိုင်ရယ်
ရိုးမြေကျအောင်ပဲ
မေလည်းမောင့်ကိုခင်ပါတယ်
လိုက်ခဲ့မယ့် မောင်ကြီးနှမရယ်
သေအတူရှင်မကွာ
သစ္စာမေတ္တာပွားလို့ချစ်ပါ့မယ် "

Loverseat မှာ ငြိမ်ငြိမ်ကလေးထိုင်နေရင်းနဲ့ ကိုယ့်လက်ဖဝါးပေါ်အုပ်တင်ထားတဲ့ ကိုသိင်္ခရဲ့လက်ကိုကြည့်နေမိသည်။ ကားမောင်းနေရင်းနဲ့တောင် သူ့လက်ကိုမလွှတ်တမ်းကိုင်ထားတာမို့ နွေးထွေးကြည်နူးစိတ်ကလှိုက်တက်လို့။ မမှားဘူး။ ဒီလူ့ကိုရွေးချယ်ရတာတကယ်မမှားဘူး။

" ညစာစားပြီးပြီလား "

" ဟင့်အင်း သောက်ထားတာ "

" အိမ်ရောက်မှ ညစာစားမယ်နော် "

" အင်း "

ဒီလူ့နူးညံ့မှုတွေနဲ့ကျင့်သားမရတော့ နေရထိုင်ရခက်လှသည်။ ရှင်းလင်းနေတဲ့ကားလမ်းပေါ် သူတို့ပဲရှိနေသလို။ ညဥ့်နက်နေတာကြောင့် မှုန်တပြမီးရောင်အောက်မှာ သူ့စိတ်တွေအေးချမ်းနေခဲ့တာပဲ။ ချစ်ရတယ်ဆိုတာဒီလိုလား။ လှိုင်းကလေးငြိမ့်ငြိမ့်စီးရသလို၊ တောင်ကုန်းတွေပေါ်ဖြတ်ပြေးသွားတဲ့ လေပွေတွေကိုလိုက်ရှာရသလို။

ခြံဝန်းကြီးထဲကားကွေ့ဝင်တာနဲ့ ခါးပတ်ကိုဖြုတ်ရသည်။ ဆင်ဝင်မှာကားရပ်ပြီးမှ သူကားတံခါးဖွင့်ဖို့ပြင်တော့ သိင်္ခမိုးသဲက သူ့လက်တွေကိုပြန်ဆွဲထားတာ၊

" ဘာဖြစ်တာတုန်း "

သိင်္ခမိုးသဲကသူမေးတာကိုမဖြေ၊ ဘာမပြောညာမပြောနဲ့ သူ့ပါးပြင်ကိုပွက်စ်ခနဲအောင်နမ်း၏။ ဘာစိတ်ကူးပေါက်သတဲ့လဲ။ ​ဒီလို ရုတ်တရက်ကြီးတွေခဏခဏလုပ်နေမယ်ဆို သူနှလုံးတွေလည်း ပြုတ်ထွက်ရပါတော့မယ်။

နွေဦး ဒိုင်ယာရီ {𝚂𝚙𝚛𝚒𝚗𝚐 𝙳𝚒𝚊𝚛𝚢}✅Onde histórias criam vida. Descubra agora