Home - 17 (Final)

10.1K 573 8
                                    

(Unicode)

တဖြောက်ဖြောက်ရွာကျနေသော မိုးရေစက်များ၏အောက်ဝယ် တုန်တုန်ချိချိဖြင့် ပြေးလွှားနေသော ကိုယ်ငယ်လေး၊ တစ်ချိန်တုန်းက မိုးရေထဲ၌ အိတ်တစ်လုံးဆွဲ၍ မျှော်လင့်ချက်ကင်းမဲ့စွာ လျှောက်သွားနေခဲ့သော သူသည် ယခု ပြေးလွှားနေသော သူနှင့် ကွဲပြားလျက်။ ယခု သူ့ပုံစံက ပန်းတိုင်တစ်ခုဆီ မျှော်လင့်ချက်ကြီးစွာဖြင့် အလောတကြီး ပြေးသွားနေသည့်ဟန်။

ပတ်ဝန်းကျင်ကိုပင် ဂရုမပြုမိသည့် အနှောင်အဖွဲ့ထဲမှ လွတ်မြောက်လာခဲ့သော ငှက်ငယ်လေးကဲ့သို့ သော်တာချမ်းအေးသည် ကားလမ်းပေါ်ရှိ ချိုင့်ခွက်များထံ ရွာချထားသော မိုးရေများကိုပင် အညှာအတာမရှိ စောင့်နင်းချသွားခဲ့သည်။ မဲမှောင်နေသော မိုးသားများ၏ အောက်ဝယ် သူသည် မိုးငြိမ်းဆိုသော လူသားတစ်ယောက်ထံသို့ အလောတကြီး ပြေးသွားနေခဲ့၏။

မိုးငြိမ်းဆီမှ ထွက်လာခဲ့သည့် အချိန်က ကြာလှပြီ။ မိုးငြိမ်းဆိုသည့် လူငယ်လေးက သူ့ကို အင်မတန် စိုးရိမ်ပူပန်နေလိမ့်မည်။ ထို့ကြောင့် မိုးစက်များ၏အောက်၌ သူသည် မောပန်းမှုကိုပင် မခံစားမိခဲ့။

သူပြေးနေသည့်အချိန်ကြာလာတော့ မိုးငြိမ်းနှင့် ပထမဦးဆုံးအကြိမ် ဆုံခဲ့သည့် ဈေးထိပ်သို့ ရောက်ခါနီးတော့မည်။ ဒီလိုအချိန်ဆို ဈေးမှာ မည်သူမျှ မရှိလောက်တော့။ ညနေစောင်းအချိန်ပင် ရောက်ပြီ။ ထို့အပြင် မိုးများကလည်း သည်းထန်စွာ ရွာသွန်းနေသည် မဟုတ်လား။

ဈေးထိပ်နားရောက်တော့ ထီးအမဲတစ်ချောင်းဖြင့် လူတစ်ယောက်ကို မတ်တတ်ရပ်နေတာ တွေ့ရသည်။ နီးကပ်လာလေလေ ထိုသူ၏ ခန္ဓာကိုယ်အောက်ခြမ်း၌ မိုးရေများ စိုရွှဲနေသည်ကို သတိထားမိသည်။ ထို့နောက် ထိုလူက သူ့ထီးကို အနည်းငယ် မြှင့်တင်လိုက်သည်။

" မိုးငြိမ်း..."

ထိုသူက တကယ်ပဲ မိုးငြိမ်း ဖြစ်နေခဲ့သည်။ မိုးငြိမ်းကလည်း သူ့ကို မြင်သွားတော့ ထီးကိုင်ထားလျက် သူ့အနားသို့ ပြေးလာသည်။

" အစ်ကို"

ခိုထီးအမဲလေးသည် သူ့ခေါင်းပေါ်သို့ ရောက်လာချိန် သူ မိုးငြိမ်းကို မျက်ရည်များကြားမှ ပြုံးပြလိုက်သည်။ ထို့နောက် သူ့နှလုံးအိမ်အတွင်းသို့ နွေးထွေးမှုများ ရှိန်းခနဲ ဝင်ရောက်လာသည့် အသိတစ်ခုကို ရလိုက်သည်။ ရပြီ။ သူ လုံခြုံသွားခဲ့ပြီ။

အိမ် {Completed}Where stories live. Discover now