(Unicode)
တစ်နေ့ကျတော့ မိုးငြိမ်းလည်း ကိုယ်လက်ကိုက်ခဲနေ၍ ဈေးမသွားဘဲ အိမ်မှာသာ နေနေသည်။ အစ်ကိုကတော့ ဟိုဘက်အခန်းက ကောင်မလေးတွေနှင့် ရင်းနှီးနေ၍ စုပေါင်းပြီး အတူတူမုန့်လုပ်စားကြ၍ မိုးငြိမ်းအနားမှာ မရှိ။ မိုးငြိမ်းမှာ အစ်ကိုရှိနေသော ထိုကောင်မလေးများ၏အခန်းကို သွားသွားပြီး ချောင်းကြည့်နေရသည်။ သူကတော့ ရယ်လို့၊ မောလို့။ ကိုယ့်မှာသာ ကြားထဲမှ သဝန်တိုရ၊ အူတိုရနှင့်။ ဒါကို သူက နားမလည်သည့်အပြင် မိုးငြိမ်းကို ချစ်သူဟုပင် သတ်မှတ်သေးရဲ့လား မသိပါ။
ထိုကောင်မလေးများနှင့် ပျော်ရွှင်နေပြီး သူ့အခန်းကို နေ့ခင်းဘက်မှ ပြန်လာသည်။ အစ်ကို့ကို မြင်တော့ မိုးငြိမ်းလည်း စိတ်ကောက်နေဟန်ဖြင့် မျက်နှာလွှဲနေလိုက်သည်။
" မိုးငြိမ်း"
" ... "
" မိုးငြိမ်း"
" ဟွန့်!"
သူ အခန်းထဲသို့ ဝင်လာကတည်းက မိုးငြိမ်းသည် သူရှိသည့်ဘက်ကို မျက်နှာလွှဲနေပြီး သူခေါ်သည်ကိုလည်း မကြားဟန် ပြုနေသည်။ မိုးငြိမ်းက သူ့အား စိတ်ကောက်နေသည်ကို သတိထားမိတော့ သော်တာချမ်းအေးလည်း မည်သို့ချော့ရမည်မသိ။ နောက်ပြီး မိုးငြိမ်းက သူ့အား စိတ်ကောက်ရသည့် အကြောင်းအရင်းကိုလည်း မသိပါ။
" ငါ့ကို စိတ်ဆိုးနေတာလား"
" မဆိုးဘူး"
" ဒါဆိုဘာလို့ ငါ့ကို မခေါ်တာလဲဟင်"
" ခေါ်ပါတယ်"
ထိုအခါ အစ်ကို့၏မျက်ခုံးတန်းများက တွန့်ကွေးကျသွားပြီး အောက်နှုတ်ခမ်းများပါ ရှေ့ထွက်လာသည်အထိ စိတ်မကောင်း ဖြစ်သွားရှာသည်။ သူ့ကိုလည်း မျက်နှာငယ်လေးဖြင့် ကြည့်နေသည်။ အခုထိ သူစိတ်မကြည်ရသည့်အကြောင်းအရင်းကိုတောင် မသိသေးဘဲ ဝမ်းနည်းနေသည်တဲ့လား။ နေ့တစ်ဝက်လုံး သူများအခန်းထဲမှာ ပျော်ပါးနေသည့်လူက သူမဟုတ်သကဲ့သို့။
နောက်ဆုံးတော့ သူ့ဘေးမှ ကုပ်ကုပ်လေး ပြန်ထွက်သွားပြီး သူ့နေရာ၌သူ ပြန်သွားထိုင်နေသည်။ မရတော့ပါ။ ဒီလို ချစ်ဖို့ကောင်းပုံမျိုးနှင့်ဆို သိမ်းပိုက်ထားခါမှ တော်ကာကြမည်။ သို့ဖြစ်၍ အစ်ကို့အနားသို့ လျှောက်သွားလိုက်၍ အစ်ကို့မေးဖျားအား မော့စေလိုက်သည်။
YOU ARE READING
အိမ် {Completed}