(Unicode)
နောက်နေ့မနက်ကျတော့ မိုးငြိမ်းစောစောထ၍ ရေအရင်ချိုးပြီးမှ အစ်ကို့ကို နှိုးရသည်။ အစ်ကိုက ဈေးလိုက်ချင်ုည်ဟူ၍သာ ခေါ်ရမှာ အစ်ကိုပင်ပန်းမှာလည်း စိုးရသေးသည်။ အရီးနှင့် ထားခဲ့ဖို့ကျတော့လည်း သူ့မှာ စိတ်မချ။
" အစ်ကို အစ်ကို"
ပခုံးကို လှုပ်နှိုးလိုက်တော့ ဟင်ခနဲ ဆိုပြီး ထထိုင်သည်။ သို့ပေမဲ့ မျက်လုံးလေးကလည်း မှိတ်ထားသေးသည်။
" ရေသွားချိုးတော့၊ သွားရအောင်"
" အင်း အင်း "
ရေချိုးတော့လည်း မိုးငြိမ်းက လိုက်စောင့်ပေးရသည်။ ရေချိုးလိုက်တော့ အိပ်ချင်စိတ်ပျောက်သွားသည်။ သူ ရေချိုး၊ အဝတ်အစားလဲပြီးသည်အထိ မိုးငြိမ်းက စိတ်ရှည်ရှည်နှင့် စောင့်ပေးသည်။
" အစ်ကိုပြီးရင် သွားမယ်လေ၊ အောက်မှာ ကြီးတော်စောင့်နေပြီ"
" အင်းအင်း"
ဈေးနှင့်က နှစ်မှတ်တိုင်လောက်သာ ဝေး၍ မနက်စောစောမို့ လမ်းလျှောက်သွားကြသည်။ အောင်သုခကျော်ကျော်လောက်ရောက်တော့ သားဖွားဆေးရုံတစ်ခုကို တွေ့သည်။ လမ်းကလည်း မှောင်နေသေးသောကြောင့် မိုးငြိမ်းအနားကို ကပ်လိုက်သည်။ သားဖွားဆေးရုံတွေ ဘာတွေက မကောင်းဆိုးဝါးရှိတတ်သည်ဟု သော်တာချမ်းအေး ငယ်ငယ်တုန်းက ကြားခဲ့ဖူးသည်။
" အစ်ကို ကြောက်လို့လား"
" အင်း နည်းနည်း"
"မကြောက်ပါနဲ့၊ ဒီက သရဲက တစ်ယောက်တည်းလာရင်သာ ဆွဲတာ၊လူများရင် မဆွဲရဲပါဘူး"
"ဟင် သရဲရှိတာလား "
" ရှိတာပေါ့၊ ကျွန်တော်တော့ အခြောက်မခံဖူးဘူး၊ အိမ်နားက လူတွေတော့ ခံဖူးတယ်၊ သရဲမက အနောက်က စကားလိုက်ပြောတာဆိုလားပဲ"
"ကြောက်စရာကြီး"
သော်တာချမ်းအေးလည်း ကျောချမ်းသွားပြီး မိုးငြိမ်းအနားကို ပိုတိုးလို့ ကပ်လိုက်သည်။ သို့ဖြစ်၍ ဘေးဘီဝဲယာကို မကြည့်တော့ဘဲ ရှေ့တည့်တည့်ကိုသာ ကြည့်ပြီး လျှောက်ခဲ့သည်။ ထို့နောက် သိပ်မကြာခင် အတောအတွင်း ဈေးထဲကို ရောက်ခဲ့၏။
![](https://img.wattpad.com/cover/292137870-288-k353164.jpg)
KAMU SEDANG MEMBACA
အိမ် {Completed}