Home - 10

6.9K 550 14
                                    

(Unicode)

နောက်တစ်နေ့မနက် သော်တာချမ်းအေးနိုးလာစဥ် မိုးငြိမ်းက သူ့ကို ထားသွားခဲ့ပြန်သည်။ ဆူပုတ်ပုတ်နှင့် အိပ်ရာတွေကို ခြေထောက်ဖြင့် ဆောင့်ကြီးအောင့်ကြီးကန်လို့အပြီး မျက်နှာသွားသစ်လိုက်သည်။ တကယ်ဆိုလျှင့် ဈေးနှင့်က သိပ်မဝေး၍ သူလိုက်သွားလို့ ရသည်။ သို့သော်လည်း မိုးငြိမ်းက သူ့ကို တမင်ထားခဲ့သည်မို့ လိုက်မသွားချင်။

မိုးငြိမ်းက သူ့အား ထားခဲ့သည့်ရက်တိုင်း သူ့မှာ အရီး၏ အခန်းကို သွား၍ အချိန်ဖြုန်းရသည်။ အရီးနှင့် တစ်မနက်လုံး အခန်းထဲမှာ အချိန်ကုန်လို့အပြီး လေကောင်းလေသန့်ရရန်အလို့ငှာ အဆောက်အဦးရှေ့မှာ ထွက်ထိုင်ဖြစ်ကြသည်။ အရီးကို မနေ့က သူ့ရည်းစားဟောင်းရောက်လာကြောင်းလည်း ပြောပြလိုက်သည်။

" ယောကျ်ားတွေက အဲ့လိုပါပဲအေ၊ ကောင်းကိုးမကောင်းဘူး၊ စစချင်းညားတုန်းကဆို မောင်ရေ ဘာငှက်လဲ၊ ကြင်ဖော်ယှက်တဲ့ စင်ရော်ငှက်ပေါ့ အချစ်ရေ...မောင်ရေ နောက်တစ်ခေါက်လောက်ထပ်ပြောပါဦးဆို၊ ကြင်ဖော်ယှက်တဲ့ စင်ရော်ငှက်ပေါ့ အချစ်ရေ...ဟော... ကလေးနှစ်ယောက်လောက်လည်း ရလာတော့ မောင်ရေ ဘာငှက်တုန်းဆို ဒီကောင်မက အာရုံနောက်ရတဲ့ ကြားထဲ လဒဟေ့ လဒ အဲ့လိုဖြစ်သွားတာ၊ ယောကျ်ားတွေ အားလုံးက တစ်လေသံတည်းတွေချည်းပါပဲ၊ မျောက်ပြပြီး ဆန်တောင်းတဲ့ ဟာတွေ"

အရီးသည် မျက်နှာကို မဲ့ရွဲ့လျက် ယပ်တောင် တဖျပ်ဖျပ်ခတ်ကာ အသံနေ အသံထားမှန်မှန်ဖြင့် ယောကျ်ားမကောင်းကြောင်း စပြောတော့သည်။ သူတို့ရွာသူကြီးက ဘယ်လောက်မျက်နှာလိုက်ခဲ့ကြောင်း၊ ယခုမြို့ရှိ ရာအိမ်မှူးသည်လည်း ဘယ်လိုဖြစ်ကြောင်း ဆိုတော့၏။

" အမလေး ကောင်မတွေများနော်၊ ငါ့လိုရွှေနဲ့ငွေနဲ့အနေအထားနဲ့ ဝတ်နိုင်စားနိုင်တဲ့ လူရှေ့မှာတောင် လေငန်းရောဂါဖြစ်ပြနေတာ၊ သူနေတာက ကျူးကျော် ငါနေတာက ပေ၆၀နော်"

ထိုအခါ အရီးက ဘယ်သူ့ကို စောင်းပြောနေပြန်ပြီလဲဟု လမ်းမဘက်ကို လှမ်းကြည့်လိုက်တော့ အမျိုးသမီးကြီးတစ်ယောက်က ခေါင်းမော့လျက် မေးတစ်ခြမ်းစောင်းပြီး သူတို့ရှေ့မှ ဖြတ်လျှောက်သွားသည်။ ပုံစံက အရီးနှင့် မတည့်သည့်ပုံရပြီး အရီးရှေ့ရောက်မှ လေငန်းရောဂါသည်လို မတူသလိုမတန်သလို လုပ်ပြသွား၏။

အိမ် {Completed}Where stories live. Discover now