ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၆၁၇)ဆင့်ခေါ်သူတွေကို စုစည်းဖို့...ရှန်ယန်ရှောင် မျက်မှောင်နည်းနည်းကြုတ်လိုက်သည်။
အိုးယန်ဟွမ်းယူရဲ့ စကားတွေက ရည်ညွှန်းမှုရှိနေပါသည်။သူက ယန်းချီအပြင် အခြားသော ဆင့်ခေါ်သူတွေကိုပါ သိနေတာပဲ။သူက ငါ့ကို ဒီလောက်အထိပြောပြနေတာက တစ်ခြား ဆင့်ခေါ်သူတွေနဲ့ ထိတွေ့ဆက်ဆံမှု လုပ်စေချင်လို့များ ဖြစ်နေမလား...
သူမအနေနဲ့ ဆင့်ခေါ်သူတွေအား အလင်းရောင်အောက်သို့ ပြန်လည်ခေါ်ဆောင်ပေးချင်သော် လည်း အိုးယန်ဟွမ်းယူနဲ့ အတူလက်တွဲနေသူတွေတော့ မပါဝင်ပါလေ။
ကျားတစ်ကောင်ဆီကနေ ကျားရေကိုတောင်းဖို့ဆိုတာ အရမ်းအန္တရာယ်များတဲ့ အလုပ်ဖြစ်သည်။
“ကျွန်မက ကလေးတစ်ယောက်ပါ ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ကြီးတဲ့ တာဝန်ကြီးကို ယူနိုင်ပါ့မလဲ။ကျောင်းအုပ်ကြီးက ကျွန်မအပေါ်မှာ အရမ်းအထင်ကြီးနေပြီနော်”လို့ ရှန်ယန်ရှောင်က လိမ္မာပါးနပ်စွာဖြင့် ငြင်းပယ်လိုက်သည်။
အိုးယန်ဟွမ်းယူက ပြုံးရုံသာပြုံးလိုက်ပြီးတော့ ရှန်ယန်ရှောင်အားကြည့်၍ ပြောလိုက်ပြန်ပါသည်။
“မင်းက အရမ်းနှိမ်ချလွန်းတာပဲ။မင်းရဲ့ အောင်မြင်မှုတွေကို ကြားသိထားပြီးတော့ အရမ်းစိတ် လှုပ်ရှားနေကြတဲ့ ဆင့်ခေါ်သူမိတ်ဆွေတစ်ချို့ရှိတယ်။သူတို့က မင်းနဲ့တွေ့ဆုံဖို့အတွက် အချိန်စောင့်နေခဲ့ကြတာ နှမြောဖို့ကောင်းတာက မင်းက ကျောင်းပေါင်းစုံပြိုင်ပွဲပြီးတာနဲ့ ကျောင်းကထွက်သွားတယ်လေ သိပ်မကြာခင်မှာဘဲ စွန့်ပစ်နယ်မြေကို ထွက်သွားပြန်တော့ သူတို့က အခွင့်အရေးမရလိုက်ဘူး ဖြစ်သွားခဲ့တာပေါ့”
အိုးယန်ဟွမ်းယူရဲ့ မိတ်ဆွေတွေဆိုပါလား...
ထိုညတုန်းက လျှို့ဝှက်လူကို သူမ အမှတ်ရသွားသည်။ထိုလူက ယန်းချီကို သိနေတာဆိုတော့ သူကလည်း ဆင့်ခေါ်သူတစ်ယောက်ဖြစ်နေမလား။ဒီလိုဆိုရင်တော့ သူမနဲ့ တွေ့ချင်သူဆိုတာ သူမကို သူတို့ဖက်ကို ခေါ်ဖို့အတွက် အစီအစဉ်ဆွဲထားခဲ့တာကို အကောင်အထည်ဖော်ဖို့ပဲ ဖြစ်ရမယ်။
အိုးယန်ဟွမ်းယူက တစ်ကယ့်ကို ငပါးကြီးပဲ။သူက လက်ရှိကြုံတွေ့နေရတဲ့ ဆင့်ခေါ်သူတို့ရဲ့ အခြေအနေကို အရင်ဆုံးထုတ်ပြောပြီးနောက်မှ ဆင့်ခေါ်သူတွေကို သူ ကူညီချင်တဲ့အကြောင်း ဆက်ပြောလာတာဖြစ်သည်။သူက တစ်ခြားဘာကိုမှ ထည့်သွင်းမပြောသွားလို့ ဆင့်ခေါ်သူ တွေ စင်ပေါ်ပြန်ရောက်နိုင်ဖို့အတွက် ကူညီချင်ရုံသပ်သပ်ပဲဆိုတဲ့ ပုံစံပေါ်နေပါသည်။
စိတ်မကောင်းစရာကတော့ ရှန်ယန်ရှောင်က သူ့အပေါ်မှာ တစ်စက်ကလေးတောင် ယုံကြည်မှုမရှိတဲ့အဖြစ်ပါ။ဆင့်ခေါ်သူတွေကို လောကအလယ်ပြန်ရောက်စေလို့တဲ့ ယန်းချီရဲ့ ဆန္ဒကိုတော့ သူမ ယုံကြည်ပေမယ့် အိုးယန်ဟွမ်းယူကတော့ ယန်းချီကဲ့သို့ စိတ်ရင်းမှန်မှန် မရှိလှပါဘူး။သူ့ရည်ရွယ်ရင်းက မကောင်းမှာသေချာပါသည်။
“အဲ့ဒီလိုလား ဒါကတော့ စိတ်မကောင်းစရာပဲ။တက်သစ်နေမြို့တော်ရဲ့ တည်ဆောက်ရေးက တစ်ကယ့်အချိန်ရောက်နေတော့ လတ်တလောကာလမှာတော့ ထွက်မသွားနိုင်သေးဘူးရှင့်။ နောင်တစ်ချိန်ချိန် အခွင့်အရေးပေးခဲ့လို့ သူတို့နဲ့တွေ့ဆုံခွင့်ရရင် ကျွန်မ တွေ့ချင်ပါတယ်”
ရှန်ယန်ရှောင်က အေးဆေးစွာနဲ့ပဲ ဒီကိစ္စကို ဆိုင်းငံ့ထားလိုက်သည်။သူမဟာ အိုးယန်ဟွမ်းယူနဲ့ ပတ်သက်ချင်စိတ် မရှိလှပါဘူး။
“ကောင်းပြီလေ ဒီလိုဆိုရင် ငါလည်း မင်းဆီနောက်တစ်ခေါက် ထပ်လာပါဦးမယ်”
အိုးယန်ဟွမ်းယူကလည်း ဆက်ပြီးတော့ တိုက်တွန်းမနေတော့ဘဲ ဆွေးနွေးမှုကို ရပ်လိုက်ပါသည်။
အိုးယန်ဟွမ်းယူက နှုတ်ဆိတ်သွားခဲ့ပြီး ရှန်ယန်ရှောင်ကလည်း သူ့ကို ဘာစကားမှ မပြောခဲ့လို့ လူငယ်နဲ့လူကြီးတစ်တွဲတို့ အခန်းထဲမှာ ဆိတ်ဆိတ်သာ ထိုင်နေခဲ့ကြပါတော့သည်။
အဲ့ဒီနောက်မှာတော့ သူမလည်း ဘာမှရွေးချယ်စရာမရှိတော့လို့ ထရပ်လိုက်ရပါသည်။
“မင်းတိုင်ပင်ဖေးယွမ်နဲ့ မင်းသားလောင်ယုတို့ကို ဒီကိုလာခဲ့ဖို့အတွက် ကျွန်မသွားပြီး ဖိတ်ကြားလိုက်ပါဦးမယ်။ကျောင်းအုပ်ကြီးကလည်း ဧကရာဇ်ရဲ့အမိန့်တော်အရ ရောက်လာရ တာဆိုတာ့ ဒီကိစ္စကို အရင်ဆုံးလုပ်မှပဲဖြစ်မယ်”လို့ ရှန်ယန်ရှောင်က ပြောလိုက်သည်။
တက်သစ်နေမြို့တော်ရဲ့ ဆောက်လက်စ အဆောက်အဦးရှေ့တွင် ဖေးယွမ်နဲ့ လောင်ယုတို့ ရပ်နေကြသည်။သူတို့က အလုပ်ရှုပ်နေကြသော အလုပ်သမားတို့အား ကြည့်နေကြတာ ဖြစ်ပါသည်။ဖေးယွမ်က အလုပ်သမားတို့အား ကူညီပေးဖို့အတွက် ရံဖန်ရံခါထွက်သွားပြီး လောင်ယုကတော့ ဘေးမှာရပ်၍ သူတို့နေထိုင်ရမယ့်အိမ်ကို ကြိုးစားတည်ဆောက်နေသော သူတို့အား တိတ်ဆိတ်စွာဖြင့် ကြည့်နေသည်။
တက်သစ်နေမြို့တော်သို့ မလာခင်တုန်းက လောင်ယုအနေဖြင့် အကောင်းမွန်ဆုံးသော ပညာသင်ကြားမှုကို အလိုလိုက်အကြိုက်ဆောင်ခံရသော မင်းသားတစ်ပါးအဖြစ်နဲ့ သင်ယူတတ်မြောက်ခဲ့ပါသည်။အရင့်အရင်ဧကရာဇ်တွေ လောင်းရွှမ်ပြည်ကို ဘယ်လိုဘယ်ပုံနဲ့ အုပ်ချုပ်ခဲ့ကြသလဲဆိုတာကို သိထားသလို လွှတ်တော်အမတ်တွေအား မည်သို့မည်ပုံ ထိန်းချုပ်ရမလဲဆိုတာကိုလည်း သဘောပေါက်ထားကာ အာဏာချိန်ခွင်ကို ဘယ်ပုံဘယ်နည်း နဲ့ ထိန်းညှိရမည်ဆိုတာကိုလည်း နားလည်ထားပြီးဖြစ်ပါသည်။
YOU ARE READING
ကောင်းကျိုးမပေးသော သမီးပျို Part 4 ကောင်းကျိုးမပေးသော သမီးပျို Part 4
Fantasyရှန်ယန်ရှောင် Part 4 ရှန်ယန်ရှောင် Part 4