ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၆၀၂)သူမလုပ်သမျှတွေက သူမကိုယ်သူမ ကာကွယ်နိုင်ဖို့နဲ့ သူမရဲ့ တားမြစ်အမှတ်တို့ကို ဖျက်နိုင်ဖို့ အတွက်သာဖြစ်သည်။ဒါကို မမျှော်လင့်စွာနဲ့ဘဲ ဖြစ်ရပ်တွေတစ်ခုပြီးတစ်ခု ဖြစ်ပေါ်ခဲ့ပြီးတော့ လှိုင်းကြီးလေထန်အခြေအနေမျိုးထဲ ရောက်နေရခြင်းဖြစ်ပါသည်။ဒီခန္ဓာထဲရောက်နေမှတော့ ဒီတစ်ယောက်ရဲ့ ကိုယ်စား လုပ်သင့်လုပ်ထိုက်တာတွေ လုပ်နိုင်တာတွေ လုပ်ရပါလိမ့်မယ်။
ဒီကမ္ဘာပေါ်မှာ သူမအပြင် သူမအပေါ်မှာ ဂရုစိုက်ကြတဲ့ သူမရဲ့ ဆွေမျိုးသားချင်းတွေနဲ့ သူငယ်ချင်းတွေလည်း ရှိနေပါတယ်။သူတို့အတွက် သူမအနေနဲ့ နတ်ပြည်ကလာလာ ငရဲပြည်က လာလာ ဘယ်ကလာတဲ့ခြိမ်းခြောက်မှုကိုမဆို ဖယ်ရှားသွားမှာဖြစ်သလို သူမ ချစ်ခင်ရ ဂရုစိုက်ရ သော လူတွေကို အန္တရာယ်ပြုလာတာမျိုး လွတ်လွတ်လပ်လပ်မနေရတာမျိုး ဖြစ်အောင် လုပ်လာပြီဆိုပါကလည်း ထိုသူအားလုံးကို ခြေမှုန်းသွားမှာဖြစ်သည်။
ရှန်ယန်ရှောင်ရဲ့ ဖြေဆိုပြောကြားမှုကို ကြားလိုက်ရသော ငနာငါးကောင်လုံး ဘာမှ ထပ်မပြောကြတော့ဘဲ သူမကိုယ်သာ လေးစားသောမျက်ဝန်းတွေဖြင့် ကြည့်နေကြလိုက်ပါသည်။
လီချီကို အချုပ်ချထားပြီးဖြစ်ကာ ဖေးယွမ်နဲလောင်ယုတို့ကိုတော့ နေအိမ်အကျယ်ချုပ် ချုပ်နှောင် ထားပါသည်။ကျန်ရှိသော နန်းတွင်းတပ်သားတွေကတော့ အပေါ်မှာ ဘာတွေဖြစ်သွားမှန်း မသိခဲ့ကြတာကြောင့် မြို့ထဲမှာပဲ လှည့်ပတ်သွားလာနေကြပါသည်။
လောင်ယုနဲ့ဖေးယွမ်တို့ဟာ နေအိမ်အကျယ်ချုပ်ကျနေကြတာဖြစ်သော်လည်း ရှန်ယန်ရှောင်က သူတို့ရဲ့ သွားလာလှုပ်ရှားမှုတွေအပေါ် ကန့်သတ်ထားခြင်း မရှိခဲ့ပါ။တက်သစ်နေမြို့ကနေ ထွက်မသွားဘူးဆိုရင် တစ်မြို့လုံး ကြိုက်တဲ့နေရာကို သွားနိုင်ကြပါသည်။
ပြန်လည်တည်ဆောက်ရေးလုပ်ငန်းက လည်ပတ်နေဆဲဖြစ်လို့ အထူးတမန်တော် ရောက်လာတဲ့ ကိစ္စအပေါ် မကြာခင်မှာပဲ မေ့မေ့လျော့လျော့ဖြစ်သွားခဲ့ကြပါတော့သည်။
ဘာမှ အနှောက်အယှက်မရှိတော့တဲ့ ရှန်ယန်ရှောင်လည်း မြို့ထဲမှာ လုပ်စရာတွေအပေါ် သတ်မှတ်ခွဲဝေပေးလိုက်ပါသည်။ရှန်ယန်ရှောင်ရဲ့ လမ်းညွှန်မှုကြောင့် ဖေးယွမ်လည်း နန်းတွင်း တပ်သားတွေကို ဦးဆောင်၍ မြို့တည်ဆောက်ရေးမှာ ပါဝင်ကူညီပေးနေပါသည်။
ရှန်ယန်ရှောင်ရဲ့ ဒဏ္ဍာရီသတ္တဝါရှစ်ကောင်တို့နှင့်အတူ သွားရောက်ဟန်ရေးပြခဲ့ခြင်းကြောင့် ကျန်သုံးဖွဲ့လည်း ဒီအတောအတွင်း ဘာပြဿနာမှမရှာခဲ့ကြပါလေ။
ရှန်ယန်ရှောင်လည်း အချိန်လု၍ မြို့တည်ဆောက်ရေးကို လုပ်ဆောင်နေလိုက်ပါသည်။
ဒီလိုနှင့် လပေါင်းအချို့ ကုန်လွန်ပြီးချိန်မှာတော့ မြို့တစ်မြို့နှင့် တူလာပြီဖြစ်တဲ့ တက်သစ်နေမြို့ အား မိဘတစ်ယောက်က ရင်သွေးဖြစ်သူကို ကြည့်နေသည့်အလား ရှန်ယန်ရှောင် ကြည့်နေမိပါ သည်။
မြို့တည်ဆောက်ခြင်း ပြီးဆုံးတော့မည်ကို ကြည့်နေမိတဲ့ ရှန်ယန်ရှောင်ဟာ ပျော်တာရော စိတ်ဓာတ်ကျခြင်းကိုပါ တစ်ပြိုက်နက်ခံစားမိနေပါသည်။ရှူရဲ့အစွမ်းတို့ ပြန်လည်ရရှိနေပြီ ဖြစ်သော်လည်း သူမရဲ့ တားမြစ်အမှတ်ကို ပယ်ဖျက်နိုင်ဖို့တော့ မလုံလောက်သေးပါဘူး။
ခုနှစ်စင်ကြယ်လကိုချုပ်တားမြစ်အမှတ်ရဲ့ တားမြစ်အမှတ်တွေ ပျက်လေလေ နောက်ဖျက်ရမယ့် အမှတ်အသားရဲ့ အစွမ်းက ပိုကြီးလေလေဖြစ်ပါသည်။
ဒီမြို့မှာသာ နတ်ဆိုးတွေရှိမနေရင် အနက်ရောင်စွမ်းအင်မရရှိနိုင်လို့ ရှူလည်း နောက်တစ်ဆင့်ကို ရောက်မှာမဟုတ်သလို တားမြစ်အမှတ်ကိုလည်း ဖျက်နိုင်စွမ်းရှိမှာမဟုတ်ပါလေ။
မြို့ရိုးပေါ်မှာရပ်ပြီး ကျယ်ပြောလှသော ပြင်ပမြင်ကွင်းကို ကြည့်နေရင်း ရှန်ယန်ရှောင် စိတ်ဓာတ်ကျနေပါသည်။
သူမ အရမ်းစိတ်ညစ်နေခဲ့ရင်းနဲ့ ဒီရက်ပိုင်းထဲမှာ တစ်ခုခု လွဲနေတာကို သူမ အမှတ်ရသွားသည်။
ဂူဝံပုလွေအဖွဲ့သားတွေက ဒီရက်ပိုင်းတွေမှာ ထူးဆန်းစွာပြုမူနေခဲ့ကြပြီး သူမကို မြင်တာနဲ့ အကြည့်လွှဲသွားကြသလို သူမ ဘာမှမမေးနိုင်ခင်မှာဘဲ ကြုံသလိုဆင်ခြေပေးပြီးတော့ လစ်ထွက် သွားခဲ့ကြလေသည်။
သူတို့ပြောတာက ဗိုက်အောင့်တာမျိုးတွေဖြစ်လို့ သူမ ပိုလို့တောင် စိတ်ဓာတ်ကျရပါသည်။
သူမမျက်စိအောက်ကနေ သွားရဖို့အတွက် သူ့မိန်းမက ကလေးမွေးတော့မှာလို့ ပြောသွားတဲ့ လူလတ်ပိုင်းကြေးစားအဖွဲ့သားတစ်ယောက်တောင် ရှိပါသေးသည်။သူမလည်း ဘာပြောရမှန်းကို မသိအောင်ဖြစ်သွားခဲ့ရသည်။
ဒီဂူဝံပုလွေအဖွဲ့သားတွေ စွန့်ပစ်နယ်မြေကိုလာတဲ့အခါ သူတို့ရဲ့ မိသားစုဝင်အားလုံးကို လောင်းရွှမ်အင်ပါယာမှာပဲ ချန်ထားရစ်ခဲ့ရတဲ့အပြင် သူမ မှတ်မိတဲ့အတိုင်းဆိုရင် ပိုအံ့ဩဖို့ ကောင်းတာတစ်ခုက စွန့်ပစ်နယ်မြေကို မလာခင်အတွင်းလေးမှာပဲ မိန်းမငယ်ငယ်လေး တစ်ယောက်လောက်နဲ့ လက်ထပ်နိုင်ဖို့အရေး အသည်းအသန်ကြိုးစားနေကြတုန်းဖြစ်လို့ ဘယ်ကမိန်းမရှိလို့ ဘယ်လိုကလေးမွေးမှာလဲကဲ။ဖခင်တစ်ယောက်ဖြစ်ရတာ ဘယ်လောက် တောင်ကောင်းလိုက်သလဲကွာ အား…
အခုလို ယုံချင်စရာဆင်ခြေမျိုးကို သူမ ကြားလိုက်ရတော့ ငိုရခက်ရီရခက်ဖြစ်သွားရပါသည်။ ဒီရက်ပိုင်းအတွင်း သူမ အလွန်အမင်း ဝေခွဲရခက်လာခဲ့ရတာက ဒီလူတွေ ဘယ်လောက်ကြာ အောင်ထိ ဒီလိုကြောင်တောင်တောင်လုပ်နေကြမှာလဲ ဆိုတဲ့ကိစ္စပါပဲ။သူတို့ သူမကို ရှောင်ဖယ် နေတာ ဘယ်နှစ်ကြိမ်တောင် ရှိခဲ့ပြီလဲ မသိတော့ပါဘူး။
ငါလည်း သူတို့ကို အနိုင်မကျင့်မိပါဘူးနော် ကျင့်မိသလား…
စိတ်ဓာတ်ကျနေတဲ့ ရှန်ယန်ရှောင် စိတ်ဓာတ်ပိုကျသွားခဲ့ရသည်။အစကတော့ သူမကိုယ်သူမ မြို့သူမြို့သားတွေရဲ့ မေတ္တာကိုခံယူရတဲ့ မြို့ရှင်ကြီးပေါ့ အခုရောက်တော့ မဟာလူ့ငသွမ်း ဖြစ်နေပါရော့လား။
ပေါင်းဖော်သင်းဖက် ငနာတွေကိုပဲ မေးကြည့်ပြီးတော့ သူမ စိတ်ဓာတ်ကျနေတဲ့ အကြောင်းတော့ ပြောဦးမှပဲလို့ တွေးမိပြီးသွားလိုက်တော့ သူတို့ရဲ့ တုံ့ပြန်ပုံတွေကြောင့် ပိုလို့တောင် ဆိုးသွားခဲ့ရပါသည်။
“နင်ကလည်း ဟုတ်လို့လားဟာ နင့်ဖာသာနင် အတွေးကြောင်နေတာဖြစ်မှာပေါ့ ငါ့အထင်တော့ အားလုံးက လုံးဝကောင်းကောင်းမွန်မွန်အနေအထားမှာ ရှိနေတာပဲ။ဒီကာလအတွင်းထဲ နင် တော်တော်လေးပင်ပန်းထားလို့ အနားယူဖို့လိုနေတာပဲ ဖြစ်မှာပါဟာ”လို့ တန်နာဇီက ရုပ်တည်ကြီးဖြင့်ကြည့်ကာ ရှန်ယန်ရှောင်ကို ပြောလိုက်တာဖြစ်သည်။
သူ့လက်နှစ်ဖက်လုံးက အိပ်ထောင်တစ်ဖက်တစ်ချက်စီမှာ နှိုက်ထည့်ထားတာဖြစ်ပြီး မျက်လုံးတွေကတော့ တောင်ကြည့်မြောက်ကြည့်ဖြစ်နေကာ သူ့ကို မြင်လိုက်သူတိုင်း ဒီကောင် တစ်ခုခုမဟုတ်တာလုပ်ထားတာပဲလို့ တွေးမိသွားစေမှာ သေချာပေါက်ပါပဲ။
“နင်ပြောတာသေချာလို့လား”
ရှန်ယန်ရှောင်ကတော့ စိတ်ဓာတ်ကျနေဆဲဖြစ်လို့ တန်နာဇီရဲ့ ထူးဆန်းတဲ့ အပြုအမူအပေါ်မှာ သတိမထားမိခဲ့ပါချေ။
VOCÊ ESTÁ LENDO
ကောင်းကျိုးမပေးသော သမီးပျို Part 4 ကောင်းကျိုးမပေးသော သမီးပျို Part 4
Fantasiaရှန်ယန်ရှောင် Part 4 ရှန်ယန်ရှောင် Part 4