ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၆၁၁)တိုင်းပြည်မှနေ စွန့်ပစ်နယ်မြေအတွင်းမှာ မြို့တစ်ခုကို အောင်အောင်မြင်မြင်နဲ့ ပြန်လည်မသိမ်းပိုက်နိုင်သေးသ၍တော့ ဒီဒေသကို သွားရောက်ခြင်းအတွက် တားမြစ်ကန့်သတ်ထားပါသည်။ဒါကြောင့် စွန့်ပစ်နယ်မြေသို့ အိုးယန်ဟွမ်းယူလာခဲ့ခြင်းမှာ ဧကရာဇ်၏ ခွင့်ပြုချက်ရခဲ့လို့သာ ဖြစ်ရပါမယ်။
တစ်ခုရှိတာကတော့ သူ ဘာလို့လာတာလဲဆိုတာပါပဲ။
ဖြစ်နိုင်ရင်တော့ သူမအဖို့ ဒီကြောင်သူတော်ကို မြင်တွေ့ချင်စိတ်ကို မရှိပါဘူး။အခု သူမက ကျောင်းကနေ ထွက်နိုင်ခဲ့ပြီဖြစ်တာကြောင့် ဒီဆန်းကြယ်လျှို့ဝှက်လှသော ဘိုးတော်အား မြင်တွေ့စရာ အကြောင်းမရှိတော့ပေမယ့် မမျှော်လင့်ဘဲ ရောက်ချလာပါသည်။
“မြို့တော်ရှင်”
ကြမ်းကြုတ်ဝံပုလွေအနေနဲ့ ရှန်ယန်ရှောင်၏ မျက်မှောင်ကြုတ်မှုကို တွေ့လိုက်ရလို့ တစ်ခုခုတော့ လွဲနေမှန်းသဘောပေါက်လိုက်သည်။ဒီအိုးယန်ဆိုသူ လောင်းရွှမ်ပြည်ထဲမှာ နာမည်ကျော်ကြားနေရခြင်းက တော်ဝင်ရိုလန်ကျောင်းရဲ့ ကျောင်းအုပ်ဆိုတာကြောင့်တင် မဟုတ်ရဘဲ မှော်ပညာဖက်မှာ သူ၏အောင်မြင်မှုတို့ကြောင့်လည်း ပါဝင်ပါသည်။အိုးယန်ရဲ့ ဂုဏ်သတင်းကလည်း အမြဲတမ်း ကောင်းမွန်နေခဲ့ပြီး သူကောင်းမျိုးနွယ်ဖြစ်စေ သာမန်လူတန်းစားဖြစ်စေ သူ့အပေါ်မှာတော့ လေးစားသမှုရှိကြပါသည်။သူကိုယ်တိုင်လည်း အိုးယန်ဟွမ်းယူအား တွေ့ဆုံခဲ့ဖူးကာ ဒီလို ရာဇဝင်တွင်တဲ့ ကျောင်းအုပ်ကြီးဆိုတာ တစ်ကယ်လည်း သူမတူလှပါလားလို့ ခံစားမိခဲ့ပါသည်။အိုးယန်ဟွမ်းယူရဲ့ စိတ်သဘောက ကောင်းမွန်လှသလို အရည်အချင်းပြည့်ဝပြီး ယဉ်ကျေးပျူငှာသူလည်း ဖြစ်ပါသည်။
ဒါကို သူတို့ရဲ့ မြို့တော်ရှင်ဖြစ်သူက အိုးယန်ဟွမ်းယူရဲ့နာမည်ကို ကြားလိုက်တာနဲ့ ဘာကြောင့် မျက်မှောင်ကုတ်သွားရတာလဲ...
ရှန်ယန်ရှောင်လည်း ကြမ်းကြုတ်ဝံပုလွေအား တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲမှာတော့ ရှုပ်ရှုပ်ထွေးထွေးဖြစ်နေသည်။အိုးယန်ဟွမ်းယူရဲ့ အကြောင်းကို သူမတစ်ယောက်သာ အဖြစ်မှန်အတိုင်း သိထားတာဖြစ်လေသည်။အပြင်ပန်းကြည့်ရင်တော့ သူနဲ့ပတ်သတ်တာ မှန်သမျှတို့က ပုံမှန်လိုရှိနေသော်လည်း တစ်ကယ်တန်းမှာတော့ မျက်နှာဖုံးအောက်မှာ ဖုံးကွယ်ထားသော အကြောင်းအရာတွေ အများကြီးရှိနေပါသည်။သဘောအားဖြင့် ယန်းချီရဲ့ ကုသမှုအပေါ်မှာ ရည်ရွယ်ချက်ရှိရှိနဲ့ ဆိုင်းငံ့လေးဖင့်အောင် ပြုလုပ်ထားတာမျိုးအပြင် ဟိုညမှာ လျှို့ဝှက်လူတစ်ဦးနဲ့ အိုးယန်ဟွမ်းယူတို့ ပြောဆိုခဲ့ကြသော စကားဝိုင်းမျိုးတို့ ဖြစ်ပါသည်။
လျှို့ဝှက်လူနဲ့အိုးယန်ဟွမ်းယူတို့က သူမတို့အား သူတို့ရဲ့ အဖွဲ့အတွင်းသို့ သိမ်းသွင်းဖို့ လုပ်ဆောင်နေမှန်းကို ကောင်းကောင်းကြီး မှတ်မိနေပါသည်။
သူတို့တွေ ဘာလုပ်နေကြမှန်းတော့ သူမ မသိပေမယ့် သူမရဲ့ မသိစိတ်မှာတော့ ဒီကိစ္စက သူမအတွက် ကောင်းဖို့မဖြစ်နိုင်မှန်းကို ခံစားသိရှိနေပါသည်။
ငနာငါးကောင်တို့လည်း ဒီအကြောင်းကိုကြားသိသွားလို့ မေးမြန်းရန် ရောက်ရှိလာကြပါပြီ။
တော်ဝင်ရိုလန်ကျောင်းရဲ့ ဆင့်ခေါ်သူအကြောင်းက လူပြောများနေသော ကိစ္စတစ်ခုဖြစ်သည်။ယန်းချီပေးထားသော လရောင်ဆွဲကြိုးကြောင့်သာ မဟုတ်ရင် ရှန်ယန်ရှောင်၏ ဆင့်ခေါ်သူပုံရိပ်က ကျောင်းပေါင်းစုံပြိုင်ပွဲကြီး မစတင်မှီကတည်းက အိုးယန်ဟွမ်းယူဆီမှာ ပေါ်ပေါက်သွားခဲ့မှာဖြစ်ပြီး သူမအနေနဲ့ ပေါ်လုနီးနီးဖြစ်ခဲ့ပါသည်။
“ကျောင်းအုပ်ကြီးအိုးယန် ဘာလာလုပ်သလဲဆိုတာ နင်သိသလား”လို့ မေးလိုက်သော ကြူရှီယာရဲ့ မျက်နှာက သိပ်ကြည့်မကောင်းလှပါချေ။သူ ဘယ်လောက်ပဲ ထက်မြက် ပါးနပ်ပါစေ အိုးယန်ဟွမ်းယူရဲ့ စိတ်သဘောကိုတော့ ဘယ်လိုမှ အကဲမခတ်နိုင်ပါဘူး။
“ငါလည်း မသိဘူး”လို့ ရှန်ယန်ရှောင်က ခေါင်းရမ်းကာပြောသည်။
“ဒါဆို နင် သူ့ကို သွားတွေ့မှာလား”
“လူကရောက်နေမှတော့ မတွေ့ဘဲနေဖို့ဆိုတာ ခဲယဉ်းပါတယ်ကွာ”လို့ ရှန်ယန်ရှောင်က ဖြေလိုက်သည်။
ပြဿနာအဟောင်းကို မဖြေရှင်းပြီးသေးခင်မှာဘဲ ပြဿနာအသစ်က ထပ်ပေါ်လာသည်။ သူတို့အနေနဲ့ အထူးတမန်တော်ကိစ္စမှာ ပြဿနာနည်းနည်းကြုံခဲ့ရပြီးတော့ အခုလည်း ကိုင်တွယ်ရခက်သော လူတစ်ယောက် ထပ်ပေါက်ချလာပါသည်။သူတို့ နားမလည်နိုင်တာက အိုးယန်ဟွမ်းယူကိုယ်တိုင် ရုတ်တရက်ကြီး ရောက်ရှိလာခြင်းအတွက် ဖြစ်ပါသည်။
“ထားလိုက်ကွာ ငါ သူ့ကို သွားတွေ့လိုက်မယ် ငါ့နယ်မြေထဲမှာတော့ သူလည်း ငါ့ကို ဘာမှလုပ်နိုင်မယ် မထင်ပါဘူး”ဟု ပုန်းအောင်းရှောင်တိမ်းခြင်းက သူမရဲ့ ပုံစံမဟုတ်တဲ့ ရှန်ယန်ရှောင်ကပြန်ပြောလိုက်သည်။
“ငါတို့ရော နင်နဲ့အတူ လိုက်ခဲ့ရမလား”လို့ ကြူရှီယာကထပ်မေးလိုက်သည်။
ရှန်ယန်ရှောင် ခေါင်းယမ်းပြလိုက်သည်။
“ဒါက ငါ့ရဲ့တက်သစ်နေမြို့တော်ကိစ္စပါ လောင်းရွှမ်အင်ပါယာအနေနဲ့ သူတို့ရဲ့ ကြီးမြတ်လှတဲ့ မြို့တော်သားကြီးတွေ ဒီမှာရောက်ရှိနေတဲ့အကြောင်းကို မသိသွားစေချင်ဘူး”လို့ သူမ ပြောလိုက်သည်။
أنت تقرأ
ကောင်းကျိုးမပေးသော သမီးပျို Part 4 ကောင်းကျိုးမပေးသော သမီးပျို Part 4
خيال (فانتازيا)ရှန်ယန်ရှောင် Part 4 ရှန်ယန်ရှောင် Part 4