၆၁၅

2.2K 256 4
                                    

ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၆၁၅)

“စိုးရိမ်တဲ့အကြောင်းပါပဲ။ဧကရာဇ်မှာ လောင်ယုမင်းသားတစ်ပါးပဲ သားတော်အဖြစ် မွေးဖွားထားတာကို ခင်ဗျားလည်းသိပါတယ်။ဒီတော့ မင်းသားအပေါ်မှာ သူက အရမ်းစိုးရိမ်တယ်လေ။လောင်ယုက နေပြည်တော်ကနေ အပြင်ကိုသွားတာလည်း ရှားပါးလွန်းတယ်။ဒါပေမယ့် တက်သစ်နေမြို့တော်မှာတော့ နှစ်လကျော်အောင်ထိ နေနေတဲ့အပြင် ပြန်လည်းမလာသေးတော့ ဧကရာဇ်က လွမ်းတာမဆန်းပါဘူး”လို့ ပြောလိုက်သော အိုးယန်ဟွမ်းယူစကားတွေက သားဖြစ်သူကို လွမ်းဆွတ်နေတဲ့ ဖခင်တစ်ယောက်ဆီက အမှာစကားလို့တောင် ထင်မှတ်ရလောက်ပါသည်။
ရှန်ယန်ရှောင်ကတော့ ဒီဟန်ဆောင်စကားတွေမှာ နစ်မြောသွားရလောက်အောင် တုံးအနေသူ မဟုတ်ပါဘူး။
လွမ်းဆွတ်လို့ နှုတ်ဆက်စကားပြောတာတဲ့လား...သူ့သားကို ငါက ချုပ်ထားပြီလို့ ဧကရာဇ်က သံသယစဝင်နေတာပဲဖြစ်ရမယ် ဒါပေမယ့် သက်သေလည်းမရှိတော့ အိုးယန်ဟွမ်းယူကို လွှတ်လိုက်ပြီးတော့ အကဲခတ်ခိုင်းတာပေါ့လေ...
“အိုး အဲ့ဒီလိုလား”
ရှန်ယန်ရှောင် လက်သီးဆုပ်လိုက်မိသည်။ဖေးယွမ်နဲ့လောင်ယုတို့က အခုအချိန်မှာ ပျော့ပျော့ပြောင်းပြောင်းရှိနေပြီဖြစ်သော်လည်း အိုးယန်ဟွမ်းယူအား အဖြစ်မှန်ကို မပြောဘူးလို့ ယတိပြတ်ပြောလို့မရပါဘူး။ဘယ်လိုပဲဆိုဆို သူတို့က အကျယ်ချုပ်ကျနေတာ ဖြစ်လေသည်။ဖေးယွမ်က အလျှော့ပေးတယ်ဆိုတာကလည်း ဘယ်လိုမှ မလှုပ်သာမလူးသာ အါခြေအနေမျိုးမှာ သူမက ဖိအားပေးခဲ့လို့ဖြစ်ပါသည်။
အိုးယန်ဟွမ်းယူကို မြင်လိုက်ရရင် အခြေအနေပြောင်းသွားမလားမသိဘူး...
ဒါပေမယ့် အိုးယန်ဟွမ်းယူကို သူတို့နဲ့ တွေ့ခွင့်မပေးဘူးဆိုရင်လည်း ဧကရာဇ်ရဲ့ ကောက်ချက်မှန်တဲ့အကြောင်း သက်သေပြသလို ဖြစ်သွားမှာပါ။အခုအချိန်မှာ တက်သစ်နေမြို့ကြီးက မပြီးသေးလို့ ဧကရာဇ်သာ သူမကို အရေးယူမယ်ဆိုရင် လောင်ယုကို ဓားစာခံအဖြစ်ခေါ်ထားပြီး ခုခံလို့ရသော်လည်း နေပြည်တော်မှာရှိတဲ့ ရှန်ဖန်ကတော့...
“ဒါပေါ့ ငါက စကားနည်းနည်းပဲ ပြောမှာပါ။မင်းတိုင်ပင်ဖေးယွမ်နဲ့ လောင်ယုမင်းသားတို့က ဆက်နေချင်သေးတယ်ဆိုရင်လည်း ဆက်နေလို့ရပါတယ်”လို့ အိုးယန်ဟွမ်းယူက ပြောလိုက်သည်။
“ဒါဆို ခဏနေရင် ကျောင်းအုပ်ကြီးကို သူတို့နှစ်ယောက်နဲ့တွေ့ပေးဖို့ ကျွန်မ ခေါ်သွားပေးမယ်”
အိုးယန်ဟွမ်းယူအား ဖေးယွမ်တို့နဲ့ ပေးတွေ့လိုက်ဖို့ သူမ ဆုံးဖြတ်လိုက်သည်။အချိန်ရောက်လို့ သူမအတွက် အနေအထားမလှခဲ့ရင် တုံ့ပြန်ဖို့အတွက် သူမ တစ်ခုခုတော့ ပြင်ဆင်ထားရပါ ဦးမယ်။
“ဟုတ်ပြီလေ ငါလည်း အလောတကြီးမရှိပါဘူး”လို့ ဖေးယွမ်နဲ့လောင်ယုတို့အား အလျင်စလို တွေ့စရာ မလိုကြောင်းကို အိုးယန်ဟွမ်းယူက ပြုံးကာပြောလိုက်သည်။
ရှန်ယန်ရှောင်က ဘာမှမပြောသော်လည်း အိုးယန်ဟွမ်းယူမှာတော့ သူမအား ပြောစရာ စကားရှိဟန်တူသည်။
“တစ်ကယ်တန်းပြောရမယ်ဆိုရင် ခင်ဗျားက တော်ဝင်ရိုလန်ကျောင်းသားတစ်ယောက်ဖြစ် ခဲ့ပြီး ငါက ခင်ဗျားရဲ့ကျောင်းအုပ်ဖြစ်ခဲ့တာပဲ။အခု ခင်ဗျားခံစားကြုံတွေ့နေရတာတွေအတွက် စိတ်မကောင်းပါဘူး။ကူညီပေးလို့ရတာရှိရင် ငါ့ကိုပြောလို့ရပါတယ်။ငါ့ရဲ့ ဒီအရိုးအိုတွေက ဘာမှမစွမ်းနိုင်တော့ပေမယ့် ငါ့ကျောင်းသားအတွက်ဆိုရင် မိုးနဲ့လေကိုတော့ ကာကွယ်ပေးနိုင် ပါသေးတယ်လေ”လို့ပြောလိုက်သော အိုးယန်ဟွမ်းယူရဲ့ လေသံက ရုတ်တရက် ပျော့ပြောင်းသွားသလို ရှန်ယန်ရှောင်ကိုလည်း ကရုဏာအကြည့်ဖြင့် ကြည့်လိုက်ပါသည်။
“ဧကရာဇ်ရဲ့ ဖိတ်ကြားချက်ကို ငါလက်ခံခဲ့တာက မင်းတိုင်ပင်ဖေးယွမ်နဲ့ မင်းသားလောင်ယုတို့ ကြောင့် မဟုတ်ပါဘူး ခင်ဗျားကြုံတွေ့နေရတဲ့ မမျှတမှုတွေအကြောင်း ကြားသိထားခဲ့လို့ပါ။ ခင်ဗျားက ဆင့်ခေါ်သူတစ်ယောက်ဆိုရင်တောင် ငါ့တော်ဝင်ရိုလန်ကျောင်းက ကျောင်းသားတစ်ယောက်ပါ။ကျောင်းပေါင်းစုံပြိုင်ပွဲကြီးကိုလည်း ရိုးရိုးသားသားနဲ့ မှန်မှန်ကန် ကန် အနိုင်ရရှိခဲ့တာလေ ဘာဖြစ်လို့ မမျှမတဆက်ဆံမှုကို ခေါင်းငုံ့ခံနေရမှာလဲ။ ငါ့ကျောင်းသားတွေ အနိုင်ကျင့်ခံရမှာကို လက်သင့်မခံနိုင်ပါဘူး”
ကိုယ်ချင်းစာတဲ့ စကားတွေပြောဆိုနေသော အိုးယန်ဟွမ်းယူအား သူမ ကြည့်လိုက်မိတော့ ဒီမြေခွေးအိုကြီးကို သူမ အကဲမဖြတ်နိုင်မှန်း သိလိုက်ရသည်။ဒီစကားတွေ ပြောဆိုနေချိန်မှာ သူ့မျက်လုံးတွေဟာ တစ်ကယ့်ကို စိတ်ရင်းအမှန်နဲ့ ပြောနေသလို ဖြစ်နေပြီးတော့ ဟန်လုပ်ထားတာမျိုး တစ်စက်လေးတောင် မတွေ့ရပါဘူး။ပြောရရင် သူမရဲ့ မမျှမတ ခံစားကြုံတွေ့ခဲ့မှုတွေအပေါ်မှာ တစ်ကယ့်ကို ဒေါကန်နေတဲ့အတိုင်း ဖြစ်နေပါသည်။
သူမရှေ့မှာ ထိုင်နေသူဟာ အိုးယန်ဟွမ်းယူမဟုတ်ဘဲ ရုပ်ဖျက်ထားတဲ့ ယန်းချီဖြစ်ရမယ်လို့ တောင် သူမ သံသယဝင်မိသွားပါသေးသည်။

ကောင်းကျိုးမပေးသော သမီးပျို Part 4  ကောင်းကျိုးမပေးသော သမီးပျို Part 4Tahanan ng mga kuwento. Tumuklas ngayon