၆၃၂

2.1K 289 19
                                    

အခန်း(၆၃၂)

“မင်းဒီထက်ပိုတုံးလို့ရသေးလားဟင်”လို့ ရှန်ယန်ရှောင်က တန်နာဇီကို နှိမ်နှက်၍ ပြောလိုက်သည်။
“...”
တန်နာဇီငိုချင်သွားရသည်။သူလုပ်ချင်တာဆိုလို့ သူလည်းအသုံးကျတယ်ဆိုတာကို ပြချင်ရုံသာဖြစ်သည်။ဘယ်လောက်တောင် ဟာသအမြင်မရှိကြတဲ့ကောင်တွေပါလိမ့်....
“ပြင်ပဆက်ဆံရေးကိုငါနဲ့သာလွှဲထားလိုက် အဲ့ဒီစီးပွားရေးသမားတွေနဲ့ဆက်ဆံရတာ ငါ့အတွက်ပိုပြီးအဆင်ပြေတယ်”ဟုဆိုလိုက်ပြီး ကြူရှီယာက မူရင်းလမ်းကြောင်းဆီ ပြန်သွားလိုက်သည်။တက်သစ်နေမြို့ထဲမှာ အရံအဖြစ်ထားထားတဲ့ တွင်းထွက်ပစ္စည်းတွေကို စီးပွားရေးသမားအုပ်စုသာ တွေ့မြင်သွားပါက အဆိုပါဝံပုလွေတွေအနေဖြင့် အခုလို အသားတုံးမျိုးအား မည်သို့မျှ လက်လွတ်ခံမည်မဟုတ်တာကို သူယုံကြည်သည်။
“ကောင်းပြီလေ...တက်သစ်နေမြို့တော်ကြီးပြီးဖို့က တစ်လလောက်ပဲရှိတော့တာ မင်းတို့ကောင်တွေက ကိုယ်တာဝန်ယူထားရတဲ့အပိုင်းတွေကို ကိုယ့်ဖာသာစီစဉ်လိုက်နော်။ ငါကတော့မနက်ဖြန်မှာ ကျားလန်ကိုခေါ်ပြီးတော့ အပြင်မှာရှိတဲ့ အဆင့်မြင့်နတ်ဆိုးတွေနဲ့ သွားတွေ့ပြီးညှိနှိုင်းလိုက်ဦးမယ်”လို့ပြောလိုက်တဲ့ ရှန်ယန်ရှောင်၏နားထဲမှာ ရှူ့အသံက ပဲ့တင်ထပ်လာသည်။
“ဒီနေ့ည မင်းရဲ့ပဉ္စမအမှတ်ကို ငါဖျက်ပေးမယ်”
ရှန်ယန်ရှောင်၏ နှလုံးသားလေး ပျော်ရွှင်မှုကြောင့် တဒိန်းဒိန်းခုန်သွားခဲ့သည်။ဒီအချိန်ကို သူမစောင့်ဆိုင်းနေတာ လအတော်ကြာခဲ့ပါပြီ။နောက်ပိုင်းရှူ့ဆီကနေ ဘာသတင်းမှ မကြားခဲ့ရဘဲ ဒီနေ့မှာတော့ အချိန်ကျရောက်လာခဲ့ချေပြီ။
ကျန်လူတွေအတွက် စီစဉ်ပေးရတဲ့ကိစ္စတွေက အတောမသတ်နိုင်လောက်အောင် ဆက်တိုက်ဖြစ်နေခဲ့သည်။ရှန်ယန်ရှောင်ကတော့ မစောင့်နိုင်တော့တာနဲ့ အခန်းကိုပြန်ကာ ကုတင်ပေါ်မှာထိုင်၍ သူမရဲ့ပဉ္စမအမှတ်အသားအားဖျက်ပေးမည့်ရှူကို စောင့်နေလိုက်သည်။
သူမစောင့်နေစဉ်မှာပဲ ပီပြင်ခြင်းမရှိသော သဏ္ဍာန်တစ်ခု သူမမျက်စိရှေ့တွင် ပေါ်ထွက်လာသည်။
ရှည်လျားနက်မှောင်သောဆံပင်တို့က ဖားလျားကျနေသည်။ခြေဗလာနဲ့ရှူက သူမရဲ့အရှေ့မှာ ဘယ်အချိန်တုန်းက ပေါ်လာသလဲဆိုတာကို သူမမသိလိုက်ပါဘူး။
ခါတိုင်းနှင့်မတူဘဲ ဒီနေ့ရှူဟာ ပိုပြီးစစ်မှန်နေသလိုပါပဲ။အခန်းမှာရှိတဲ့ မီးလင်းကျောက်တို့၏ အလင်းရောင်တွေက သူ့အသားအရည်ပေါ်မှာခြုံလွှမ်းထားသည်။အရင်တုန်းကလိုမျိုး သူ့ကိုယ်ကိုဖောက်ထွက်သွားခြင်း မရှိတော့ပါလေ။
ရှန်ယန်ရှောင်မင်သက်မိသွားခဲ့သည်။မျက်တောင်ခတ်လိုက်ပြီးနောက် ရှူ့ကိုယ်ကထွက်တဲ့ အရိပ်ကို လှမ်းကြည့်လိုက်မိသည်။တစ်ချက်လောက်တုံ့ဆိုင်းသွားပြီးနောက် ထရပ်လိုက်ကာ လက်ကိုဆန့်တန်း၍ ရှူ့ဆီလှမ်းလိုက်သည်။
သူမ၏သွယ်လျသိမ်မွေ့ဖြူစင်နူးညံ့သောလက်ချောင်းလေးတွေက သူ၏ရင်အုပ်အား ညင်သာစွာထိတို့မိသွားကာ အနွေးငွေ့လေးကို သူမရဲ့လက်ချောင်းထိပ်မှာ ခံစားလိုက်ရတာကြောင့် ရှန်ယန်ရှောင်၏ရင်ထဲထိတ်ကနဲဖြစ်သွားခဲ့သည်။
ခေါင်းကိုမော့လိုက်ပြီး အလွန်တရာပီပြင်နေတဲ့ ရှူ့အား ထူးဆန်းသလိုကြည့်လိုက်သည်။
“ကျွန်တော်...ခင်ဗျားကိုထိလိုက်တာလား"
ရှန်ယန်ရှောင်၏အသံဟာ အံ့အားသင့်မှုတို့ဖြင့်ပြည့်နေခဲ့သည်။သူမလက်ချောင်းထိပ်က အနွေးငွေ့တို့က ထင်ရှားလှပါသည်။ဒါပေမယ့် အမြဲလိုလို ဝိဉာဉ်အဖြစ်သာရှိခဲ့တဲ့ ရှူဟာ သူမရှေ့မှာ ကိုယ်ခန္ဓာအစစ်ပုံစံဖြင့် ပေါ်လာတဲ့ကိစ္စကို သူမစဉ်းစားတွေးမြင်ကြည့်လို့ မရနိုင်ဘူးဖြစ်နေရသည်။သူက ဝိဉာဉ်မဟုတ်တော့ပါဘူး သူဟာ ထင်ရှားစွာမတွေ့ရတဲ့ ပုံရိပ်ယောင်ဝိုးတဝါးပုံစံမဟုတ်တော့ပါဘူး သူမ သူ့ကိုတစ်ကယ်ပဲထိတို့ခဲ့ရပြီး သူ့ကိုယ်ငွေ့ကို ခံစားသိရှိခဲ့ရပါသည်။
ရှူ၏ အပြောင်းအလဲမရှိသော မျက်နှာမှာတော့ သတိပြုမိဖို့မဖြစ်နိုင်လောက်တဲ့ နူးညံ့သိမ်မွေ့မှုဖြစ်ပေါ်နေပြီး အသံတိုးတိုးတစ်ချက်ပြုလိုက်သည်။
ရှန်ယန်ရှောင်လည်း ကြောက်လန့်သွားတဲ့ယုန်တစ်ကောင်လိုမျိုး ခုန်ထွက်သွားလိုက်သည်။

ကောင်းကျိုးမပေးသော သမီးပျို Part 4  ကောင်းကျိုးမပေးသော သမီးပျို Part 4Where stories live. Discover now