အခန်း (၄.၂)

1.9K 324 2
                                    

Unicode

ဇနီးသည်ဆုံးပြီးနောက် သူလည်း ရုတ်တရက် သိသိသာသာအသက်ရလာသည့်နှယ်။ စူးယွမ်ဟန်အား ပျိုးထောင်ရန်ဆုံးဖြတ်ပြီး အကောင်းဆုံးဆိုပေ့ ကျောင်းကိုမှ ပို့ကာ သူ့ဘဝတစ်လျှောက် ဆေးပညာဗဟုသုတတို့ကို မျှဝေပေးခဲ့သည်။

စူးယွမ်ဟန်သည်လည်း ကြိုးစား၏။ အသက်၁၇နှစ်တွင် ဆေးပညာနယ်ပယ်၌ " ဉာဏ်ကြီးရှင်" ဆိုသော ဂုဏ်ပုဒ်ကို ‌ထုတ်ဖော်ကြေငြာခဲ့ပြီး ၁၉နှစ်မှာ ပါရဂူဘွဲ့ရခဲ့သည်။ သူ့ မွေးစားဖခင်၏ ထောက်ခံချက်ကြောင့်  တရုတ်သို့ပြန်လာ၍ လက်ရှိ အထွေထွေဆေးရုံဆီ ဝင်ရောက်ခဲ့သည်။ တစ်နှစ်ကြာသည့်နောက် ပေထန်မင်ချန်းနှင့် တွေ့သည်။

လွန်ခဲ့သော ၇နှစ်ကတည်းက သူ၏ မွေးစားအဖေ ကွယ်လွန်ခဲ့သည်။ ဤကမ္ဘာ၌ ပေထန်းမင်ချန်းကို ထည့်မထွက်ဘဲ သူ ထပ်၍ အထီးကျန်ဆန်ရပြန်သည်။ ဆိုစေကာမူ သူ ပေထန်းမင်ချန်းအား မပိုင်မှန်းလည်း သိနေသည်။

" ‌အူး...."

ပါးစပ်ထဲမှ အော်ဂလီဆန်စရာ ခံစားချက်ကို ဖယ်ရှားရန် စူးယွမ်ဟန် မျက်နှာသစ်သည်။ မကြာခင်က အနည်းငယ် ပျို့အန်ချင်သော ခံစားချက်မျိုး ဆက်တိုက်ခံစားခဲ့ရပြီး စိတ်ပိုင်းဆိုင်ရာအခြေအနေ သိပ်မကောင်းခဲ့။ အစကဖြင့် ဤ အားလပ်ရက်ရှည်ခရီးသည် သူ့အား သက်သာရာရစေမည်ဟု ထင်ခဲ့ပေမယ့် အရင်ကနှင့်ယှဉ်လျှင်တောင် ထပ်မကောင်းလာ။

မှန်ရှေ့ စူးယွမ်ဟန် ခါးသက်သက်ပြုံးသည်။

ပေထန်းမင်ချန်းကို ထားခဲ့သည်နှင့် သူ သေတော့မှာများလား?

မိဘမဲ့ဂေဟာတွင်နေသည့် သူ့ဘဝဟာ အတော် ရိုးရှင်းသော်လည်း လွယ်တော့ မလွယ်ကူလှ။ များပြားသည့် ကလေးအရေအတွက်ကြောင့်ရော ပညာသင်ဆုနှင့် အကူအညီကင်းမဲ့မှုကြောင့်ပါ တစ်ယောက်တည်းကို တာဝန်အများအပြားလုပ်ရသည်။ စူးယွမ်ဟန်၏ ရောက်ရှိမှုသည်ဂေဟာအဖို့ အင်မတန် အကူအညီဖြစ်စေ၏။ 

ကလေးများက သူ့ကို သဘောကျကြသည်။ အထူးသဖြင့် သူနှင့် တစ်ခန်းတည်းနေသည့်  ၁၇နှစ်အရွယ်ကောင်လေးဖြစ်သည်။ နာမည်သည် ချင်စု။ စူးယွမ်ဟန်ကို သူ လေးစားသည်။ ဦးနှောက်အထူးကုတစ်ယောက်မှန်းလည်း သိလျှင် တောက်လဲ့လဲ့မျက်‌လုံးလေးများနှင့် စူးယွမ်ဟန်အား သူ၏ စံပြအဖြစ် သတ်မှတ်လိုက်တော့သည်။

ကံကြမ္မာတောင်းဆု (မြန်မာပြန်) COMPLETED✔️Nơi câu chuyện tồn tại. Hãy khám phá bây giờ