အခန်း (၄.၃)

1.9K 315 5
                                    

Unicode

စူးယွမ်ဟန် အိမ်ရောက်ချိန် ညနေစောင်းနေပြီဖြစ်သည်။ မြေအောက်ကားပါကင်တွင် ကားထိုး၍ ခရီးဆောင်အိတ်ကိုဆွဲလို့ ဓာတ်လှေကားမှ တက်လာသည်။

တံခါးလော့ထဲ သော့ထည့်ပြီး ခပ်ဖြည်းဖြည်းဖွင့်စဉ် နှလုံးက အခုန်မြန်လာ၏။

ချောက်-

ခနဲ တံခါးပွင့်သွားသည်။

စူးယွမ်ဟန် အသက်ဝဝရှူပြီး တံခါး အသာဖွင့်လိုက်သည်။

အရာရာတိုင်းသည် အတူတူ။ ဗလာကျင်းနေသော အိမ်ခန်း... အေးစက်အထီးကျန်ဖွယ် အငွေ့အသက်....

သူ အတန်ကြာအထိ ရပ်နေမိသည်။ ထို့နောက် သော့ကို ကာဖီစားပွဲပေါ် ဖြည်းညှင်းစွာတင်၊ မီးဖွင့်၍ ရေချိုးခန်းဆီ မောမောပန်းပန်း လျှောက်သွားတော့သည်။

သူထွက်သွားတုန်းကကဲ့သို့ ပုံမပျက်။

စူးယွမ်ဟန် အိပ်ရာပေါ်‌ထိုင်လို့ အချိန်အကြာကြီး ငိုင်နေသည်။ ပြီးမှ သူ့ခရီးဆောင်အိတ်အား ဖွင့်ရဦးမည်ကို သတိရသည်။ ခရီးဆောင်အိတ်ဖွင့်၊ အဝတ်အစားတို့ထုတ်၊ တစ်ခါ ဗီရိုထဲ ပြန်ထည့်သည်။ သို့သော် စက္ကန့်ဝက်အတွင်း လူက ကြောင်ခနဲ။

ဗီရို၏ တခြားဘက် ပေထန်းမင်ချန်း အဝတ်တို့ထားရာတွင် ဟာလာဟင်းလင်းဖြစ်နေသည်။

ဗီရိုကို ခပ်တောင့်တောင့်ကြည့်နေသော စူးယွမ်ဟန်၏ မျက်နှာ သွေးဆုတ်သွားသည်။ လက်ထဲမှ အဝတ်အစားများ ပြုတ်ကျသည်ကိုပင် သတိမထားမိတော့။

ဤဗီရိုသည် ပေထန်းမင်ချန်း၏ တခြား‌ဗီရိုနှင့်မတူ။ အမှန်ဆို စီဗာယူလာပေးသည့် ခေတ်ဆန်ဆန် အဝတ်အစားမျိုး ပေထန်းမင်ချန်း မကြိုက်။ သူ၏ ချောမော အေးစက် မာနကြီးသည့် သွင်ပြင်နှင့် ဆန့်ကျင်စွာ ပေထန်းမင်ချန်းသည် အဖြူအမည်းလို ရိုးရှင်းရည်မွန်သည့် အဝတ်အထည်ကိုသာ ကြိုက်နှစ်သက်ကြောင်း အံ့ဩဖွယ် တွေ့ရှိရသည်။ ထို့ကြောင့် စီဗာယူလာသည့် အဝတ်အားလုံး ဘေးဘက် ဗီရိုထဲ အကုန်ထိုးထည့်ထားတတ်ပြီး သူဝတ်ချင်သော သာမန်အဝတ်အစားများကိုသာ စူးယွမ်ဟန်၏ ဗီရိုထဲ ထည့်ထားလေ့ရှိသည်။

ကံကြမ္မာတောင်းဆု (မြန်မာပြန်) COMPLETED✔️Tahanan ng mga kuwento. Tumuklas ngayon