Part-16

404 47 10
                                    

            Chaeညကားစီးပြီးမိုးလင်းတော့မြို့လေးဆီကိုရောက်ပါပြီ။ဘယ်သူ့ကိုမှကြိုပြောမထားတော့လာရောက်ကြိုဆိုမယ့်သူလဲမရှိ။အထုတ်အပိုးကလည်းလွယ်အိတ်တစ်လုံးပဲပါတာဆိုတော့Chaeအတွက်သိပ်ပြီးဝန်ထုပ်ဝန်ပိုးဖြစ်မနေခဲ့ပေ။ကားဂိတ်မှာရှိတဲ့Taxiတစ်စီးကိုငှားလိုက်ပြီးအိမ်ကိုပြန်လာခဲ့တယ်။မိုးလင်းခါစအချိန်ပဲရှိသေးတာမို့နေလုံးကြီးကမြို့အနောက်ဘက်ပင်လယ်ကြီးထဲကပြူထွက်ခါစပဲရှိသေးတယ်။စက်တင်ဘာလဖြစ်တာမို့မိုးကာလမကုန်သေးလို့တိမ်မဲတွေကြားထဲကတိုးထွက်နေတဲ့နေရောင်ခြည်ပြပြကချစ်စဖွယ်။Chaeတို့အိမ်ကမြို့လေးရဲ့ဆိတ်ငြိမ်ရပ်ကွက်မှာရှိတာ။Chaeတို့အိမ်လေးကိုရောက်ဖို့ရှုပ်စပြုနေတဲ့မြို့လေးရဲ့လမ်းတွေကိုဖြတ်ကျော်ရတယ်။Chaeတို့မြို့ကလူတွေကဝိရိယကောင်းကြတယ်လေ မနက်လင်းရောင်ပြုတာနဲ့မြို့လယ်ကနာရီစင်ကြီးရဲ့အသံနဲ့အတူနိုးထလာကြပြီးပျားပမ်းခပ်လှုပ်ရှားနေကြပြီ။

    "ရောက်ပြီကလေးမ သမီးပြောတာဒီအိမ်မလား"

     Chaeပတ်ဝန်းကျင်ရဲ့ညှို့ငင်မှုမှာနစ်မြောသွားတာမို့အိမ်ရှေ့ရောက်နေတာတောင်မသိလိုက်။

    "ဟုတ်တယ်ဦးလေး ကျေးဇူးတင်ပါတယ်"

   ပိုက်ဆံရှင်းပြီးတာနဲ့Chaeတို့အိမ်လေးကိုလှမ်းကြည့်လိုက်တော့ပြတင်းပေါက်တွေရော တံခါးမကြီးရောကပိတ်လျက်။ခါတိုင်းဆိုငါးနာရီထိုးလို့မေမေထတာနဲ့အိမ်ရဲ့ပြတင်းပေါက်တွေဟာပွင့်လျက်ပေါ့။ခုမေမေအိပ်ရာထဲကတောင်ထနိုင်ရဲ့လားမသိဘူး။ခြံတံခါးကိုပင်သော့ခတ်ထားတုန်းမို့Chae အိမ်ရှေ့ကဘဲလ်ခလုတ်လေးကိုနှိပ်လိုက်တယ်။Chaeဘဲလ်ကိုသုံးလေးချက်နှိပ်ပြီးတော့မှအိမ်ရှေ့တံခါးလေးက​ဖြည်းညင်းစွာပွင့်လာတယ်။တံခါးရဲ့နောက်မှာတော့နွမ်းလျတဲ့ပုံစံလေးနဲ့မေမေ့ကိုမြင်လိုက်ရတာမို့စိတ်ထဲမှာဝမ်းနည်းမွန်းကြပ်သွားတယ်။မေမေကChaeကိုမြင်လိုက်တော့အံသြသွားတဲ့ပုံစံနဲ့

       "ဟယ် သမီးChae သမီးပြန်လာတာလား"

       "မေမေ"

           Chaeထိုတစ်ခွန်းသာခေါ်လိုက်နိုင်ပြီးနှုတ်ဖျားကဘာစကားမှထပ်ထွက်မလာနိုင်ခဲ့။လန်းဆန်းတက်ကြွစွာနေတတ်တဲ့မေမေ့ကိုနွမ်းလျဖြူလျော့စွာမြင်ရတဲ့အချိန်မှာChaeတကယ်ဝမ်းနည်းရတယ်။မေမေ့ကိုတစ်ယောက်တည်းထားခဲ့တဲ့အချိန်တွေကကြာပြီမလား။မေမေတံခါးဖွင့်နေတာကိုငူငူကြီးရပ်ကြည့်နေတဲ့Chaeကိုမေမေက
 
   "သမီးလေးအိမ်ထဲလာလေ သမီးကိုတွေ့လိုက်ရတာမေမေတကယ်အားရှိသွားတာပဲ"

SERENITY Where stories live. Discover now