ƤAƦƬ ⑬

6.8K 363 52
                                    

༒︎ 𝗨𝗻𝗶𝗰𝗼𝗱𝗲 ༒︎

ခါးမှဒဏ်ရာက ပထမဦးဆုံးရက်မှာ အိပ်မရအောင်နာကျင်ကိုက်ခဲနေပေမယ့် နှစ်ရက်၊ သုံးရက်လောက်နေတော့ အတော်ပင် သက်သာလာသလို ရှိသည်။ ဒဏ်ရာကြောင့် စက်ရုံကိုမသွားဖြစ်ဘဲ ကိုတိုးကြီးကိုသာ အိမ်ကိုလှမ်းခေါ်၍ စာရင်းတွေစစ်ပေးရင်း အခြေအနေကိုထိန်းပေးရန်သာ အကူအညီတောင်းရသည်။ ကိုမိုးခမ်းကိုတော့ တစ်ဖက်ခြံကို မပြန်ခိုင်းသေးဘဲ အိမ်မှာသာနေစေပြီး ငှားထားတဲ့ထိုခြံကို ပြန်အပ်လိုက်ရန်သာ တိုက်တွန်းနေပေမယ့် အခုထိ အဖြူအမဲ သဲသဲကွဲကွဲမပြောသေးချေ။

ကိုလင်းမောင်ကိစ္စကတော့ နှစ်ရက်ကြာသည်အထိ ဘာမှ သတင်းမကြားသေးချေ။ မြို့လေးက အရမ်းမကြီးတာကြောင့် တစ်ခုခုထူးခြားလျှင် သိပ်စုံစမ်းစရာမလိုဘဲ အလွယ်တကူသိနိူင်သည်။ သူစုံစမ်းကြည့်ရသလောက်တော့ အခြေအနေတွေအားလုံးက အေးအေးဆေးဆေးပင်ဖြစ်သော်လည်း လုံးဝဥဿုံစိတ်ချရသည်တော့ မဟုတ်သေးချေ။

သူကသာ ကိုလင်းမောင်ကိစ္စအကြောင်း တစ်ခါတစ်ရံခေါင်းထဲရောက်လာကာထူပူနေပေမယ့် ကိုမိုးခမ်းကတော့ အေးဆေးတည်ငြိမ်စွာ ရယ်ရယ်ပြုံးပြုံးပင်။ ကိုမိုးခမ်းက စိတ်ကိုထိန်းနိူင်လွန်းတာလား၊ သူကပဲ ကြောင့်ကြစိတ်များလွန်းနေတာလား မသေချာပေမယ့် အခုချိန်ထိ သူ့လက်ထဲမှာ အသက်မဲ့သွားသော ကိုလင်းမောင်ရဲ့ပုံစံက မျက်လုံးထဲကမထွက်ချေ။

မယုံကြည်နိူင်သော မျက်ဝန်း​ေတွနဲ့ သူ့ကိုငေးကြည့်ကာ အသက်ထွက်သွားရှာသောကိုလင်းမောင်ဟာ တကယ်တော့ သေမင်းနောက်ကို သူ့ကိုယ်စားလိုက်သွားခဲ့ရတာ မဟုတ်ပါလား။ ကိုမိုးခမ်းသာ အချိန်မီမကယ်ခဲ့လျှင် အခုချိန်မှာ သူကသာ သေလူဖြစ်နေပေလိမ့်မည်။ ကိုလင်းမောင်၏ဓားသွားအောက် အသက်ပျောက်မည့်အရေးမှ ကိုမိုးခမ်းက လက်မတင်လေး ကာကွယ်ပေးခဲ့လို့သာ အခုချိန် ဒီနေရာမှာ အသက်ရှင်နေနိူင်တာမဟုတ်ပါလား။

"တွေးနေပြန်တာလားမောင်.. ကျွန်တော်ခေါ်နေတာ နှစ်ခါကြီးတောင်ရှိနေပြီ.. မောင် တော်တော်အတွေးလွန်နေပုံပဲ"

မျက်နှာများတဲ့ လိပ်ပြာ (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now