Chapter-7

75 7 0
                                    

Zawgyi

Lyen ရောက်နေသည့်နေရာက သူသဘောကျသည့်ပီဇာဆိုင်တစ်ဆိုင်တွင်ဖြစ်သည်။သူတစ်ယောက်တည်းတော့မဟုတ်၊သူ့ညီလေးလည်းပါသည်။ကျောင်းပိတ်ရက်ဖြစ်တာကြောင့် ညီဖြစ်သူကို ကျူရှင်မှသွားကြိုပြီးအပြန်တွင် မုန့်စားချင်သည်ဟု နားငြီးလောက်သည်အထိပြောလာတာကြောင့် သူ့ရဲ့သိပ်ဆိုးတဲ့ညီလေးအလိုကျ စားချင်တာကိုလိုက်၍ဝယ်ကျွေးနေရခြင်းဖြစ်သည်။

"ကြာလိုက်တာ။ကျွန်တော်တအားကို ဗိုက်ဆာနေပါပြီဆို"

"ခုနလေးတင်မှ မှာထားတာလေ။ခဏစောင့်ဦးမှပေါ့"

ကျူရှင်ကအားလပ်ရက်တွေဆိုရင် တစ်နေ့လုံးနီးပါးစာသင်တာမို့လို့ သူ့ညီပြောရင်လည်းပြောချင်စရာပင်။သို့ပေမယ့် ဘယ်အချိန်ဖြေဖြေ စာမေးပွဲမှာ အမှတ်ကောင်းကောင်းရသည့်သူက ဘာလို့မလိုအပ်ဘဲကျူရှင်တက်ချင်ရတာလဲဆိုတာ အစပိုင်းမှာသူလုံးဝနားမလည်ခဲ့။သိချင်၍မေးကြည့်တော့မှ ကျူရှင်မှာသူသဘောကျတဲ့ကောင်မလေးရှိလို့တဲ့လေ။အခုခေတ်ကလေးတွေများ အချစ်အတွက်ဆို တကယ်ကိုရူးကြောင်ကြောင်နိုင်လွန်းသည်။

"ရပြီလားလို့သွားမေးပေးဗျာ"

"Aura၊မင်းကတော့လေ!အစ်ကိုကိုအနိုင်ကျင့်လို့ရတိုင်း စိတ်ကြိုက်အနိုင်ကျင့်နေတော့တာပဲ"

"အယ်၊အနိုင်ကျင့်တာမဟုတ်ပါဘူး။ကျွန်တော်တကယ်ဗိုက်ဆာနေလို့ကို"

စိတ်ညစ်သလိုငြီးငြူနေတုန်းရှိသေး၊စားပွဲနားသို့လျှောက်လာသည့်ကောင်လေးကြောင့် ချက်ချင်းဆိုသလိုပင် ပျော်မြူးရိပ်သမ်းသွားတော့သည်။Lyen ကတော့သူ့ညီကိုလာမကြိုခင် အိမ်မှာကတည်းက မုန့်စားလာပြီးပြီမို့လို့ အဲ့ဒီလောက်ဗိုက်မဆာပေ။သောက်စရာတစ်ခုခုမှာလိုက်ပြီး သူ့ညီစားလို့ပြီးတဲ့အထိ စောင့်နေလိုက်သည်။

"အစ်ကို၊ဟိုမှာ မင်းစိတ်ဝင်စားနေတဲ့လူကြီးမဟုတ်လား"

Aura ၏စကားကြောင့် သူ့မျက်ဝန်းတို့တွင်အံ့ဩရိပ်ထင်ဟပ်သွားကာ တစ်ဖက်သို့လှည့်ကြည့်လိုက်သည်။တကယ်ကိုပင် Andreas ဖြစ်နေတာကြောင့် ချောင်းဟန့်ရင်းနှင့်အကြည့်ပြန်လွှဲလိုက်တော့သည်။စကားသွားပြောချင်တာမှန်ပေမယ့်လည်း ဟိုတစ်နေ့က ကိုယ့်ဆရာကိုပြန်အော်လို့ဆိုပြီး Andreas ကသူ့ကိုနည်းနည်းတော့စိတ်ဆိုးနေလောက်ဦးမည်မဟုတ်လား။

Head Over HeelsWhere stories live. Discover now