Chapter-5

101 11 0
                                    

Zawgyi

ကားပါကင်တွင်ကားရပ်လိုက်ပြီးနောက် ဓာတ်လှေကားရှိရာသို့လျှောက်လာလိုက်သည်။ဒီနေ့တစ်နေ့လုံးနီးပါး သူငယ်ချင်းနှင့် အလုပ်ကိစ္စအကြောင်းပြောဖြစ်သောကြောင့် အရင်နေ့တွေထက်စာလျှင် အိမ်ကိုနောက်ကျမှပြန်ရောက်သည်။ဓာတ်လှေကားထဲသို့ဝင်ပြီးနောက် သူ့အခန်းရှိရာအထပ်ကိုနှိပ်လိုက်သည်။ပင်ပန်းလွန်းတာကြောင့် သက်ပြင်းချသံနှင့်အတူ ညည်းညူသံခပ်တိုးတိုးကလည်း နှုတ်ဖျားမှပေါ်ထွက်လို့။

အခန်းထဲသို့ရောက်ရောက်ချင်းပင် ထမင်းစားခန်းဘက်သို့ဦးတည်ကာ ရေတစ်ခွက်အရင်သောက်လိုက်ပြီး အမောပြေသလိုရှိတော့မှ ညစာချက်ဖို့အတွက် ဘာစားစရာရှိလဲဆိုတာကို ရှာဖို့လုပ်သည်။တစ်ယောက်တည်းနေတာဖြစ်သည့်အတွက် သူ့အိမ်တွင် အများစုရှိသည်က ခေါက်ဆွဲခြောက်ထုပ်များပင်ဖြစ်သည်။

ဟင်းမချက်တတ်တာမဟုတ်ပေမယ့် နေ့တိုင်းလိုလိုအလုပ်များနေတာကြောင့် ဟင်းကောင်းကောင်းချက်ဖို့ကို အချိန်မပေးနိုင်။အဲ့ဒါကြောင့် ဖြစ်သလိုစားလိုက်တာကများသည်။တစ်ခါတလေ ငြီးငွေ့သလိုရှိလာရင်တော့လည်း အနီးအနားကစားသောက်ဆိုင်မှ သူကြိုက်တာတွေကို မှာစားလေ့ရှိသည်။သူ့ဘာသာသူတော့ အဆင်ပြေနေတာမို့လို့ အခက်အခဲတော့သိပ်မရှိ။

ရေနွေးတည်ထားတုန်း အရွက်နှင့်တချို့ကို ရေဆေးရသည်။ပြီးနောက် အကုန်လုံးကိုရောပြုတ်ကာ အတော်အသင့်လောက်ရသည်အထိ စားပွဲကိုမှီရင်း ခဏလောက်စောင့်နေသည်။အရင်နေ့တွေကဆိုလျှင် ကွန်ဒိုက gym မှာ ခဏလောက်ဖြစ်ဖြစ်သွားကစားလေ့ရှိသော်လည်း ဒီနေ့ကတော့ အတော်လေးကို ပင်ပန်းနေတာကြောင့် နောက်နေ့မှသွားဆော့ရန် စဉ်းစားလိုက်သည်။

နေ့လယ်စာမှလွဲ၍ ဘာမှမစားရသေးသည့်အတွက် ငြီးငွေ့စရာကောင်းလွန်းသည့် ခေါက်ဆွဲပြုတ်ပူပူနွေးနွေး၏အနံ့ကပင် သူ့ကိုစားချင်လာအောင်ဆွဲဆောင်နေသည်။ချွေးတွေနှင့်ငြီးစီစီဖြစ်နေတာကြောင့် အိပ်ခန်းထဲသို့ဝင်ကာ အဝတ်အစားအရင်လဲလိုက်သည်။ထမင်းစားခန်းဆီသို့ပြန်ဦးတည်လာပြီး စားပွဲခုံတွင်ထိုင်ကာ ရိုးရှင်းသည့်ညစာကို အရသာရှိရှိစားတော့သည်။

Head Over HeelsWhere stories live. Discover now