Chapter:36

5.9K 1.1K 37
                                    

Unicode

ရှောင်လီက သူ့စကားဆုံးတာနဲ့ သဘာဝကျစွာပဲ ရွာသူကြီးအိမ်ဆီ ဦးတည်ပြီး လှည့်လိုက်တယ်။

ကျုးရိထင်နဲ့ အခြားလူတွေက နေရာမှာပဲ ရပ်နေတုန်းပဲ။ အခု သူတို့ သေမလား ရှင်မလား ရွေးချယ်ဖို့ ရင်ဆိုင်နေရတယ်။ ရှောင်လီနောက်လိုက်ပြီး ကြီးကြီးမားမားစွန့်စားသင့်လား? ဒါမှမဟုတ် သူတို့ညအိပ်ရန် ရွာထဲကို အိမ်ရှာဖို့သွားသင့်လား?

ရုန်ချွမ်းက ရှောင်လီ့နောက်ကျောကို ညွှန်ပြပြီး အသင်းဖော်တွေကို မေးလိုက်တယ်။
"ငါတို့ ဘာလုပ်သင့်လဲ? မင်းတို့ သူ့နောက်လိုက်သွားချင်လား?"

ကျုးရိထင်က သူ့မျက်နှာကိုကြည့်ပြီးနောက် အဝေးကရှောင်လီ့ကိုလည်း ကြည့်လိုက်တယ်။
"မင်း ဘယ်လိုထင်လဲ?"

စဉ်းစားချင့်ချိန်မှုနဲ့ စိတ်ခံစားမှုဆိုရင် ကျုးရိထင်ဟာ နောက်ကတစ်ခုကိုရွေးချယ်ရတာကိုပဲ ကြိုက်တယ်။ နောက်ဆုံးမှာ ဘယ်သူက ညဘက်ကြီး လူသေအိမ်မှာ ဝိဉာဉ်စုဆောင်းဖို့ သွားချင်ပါ့မလဲ? ဒီအစစ်အမှန်ခြောက်ခြားဖွယ်ကမ္ဘာမှာ ဒီအပြုအမူမျိုးကို အသာထားဦး၊ ရုပ်ရှင်ထဲမှာဆိုရင်တောင် ဒီလိုလူမျိုးက သေသွားလိမ့်မယ်လို့ ကျုးရိထင် ခံစားလိုက်ရတယ်။ အကယ်၍ ရှားလော့သာ—

ကျုးရိထင်ရဲ့အတွေးတွေရပ်တန့်သွားတယ်။ ဘာလို့လဲဆိုတော့ ရှားလော့ဟာ သရဲတွေသတ်တာခံလိုက်ရတယ်လို့ သူ စိတ်ကူးကြည့်လို့မရလို့ပဲ။

ဒီလိုရူးသွပ်တဲ့လူဟာ တကယ်သေမှာမဟုတ်ဘူး။ ဟုတ်တယ်မလား?

ဖန်းရန်က သူ့လက်မောင်းကိုဆွဲလိုက်တယ်။
"ငါတို့ သူ့နောက်လိုက်ချင်တယ်ဆိုရင် မြန်မြန်ဆုံးဖြတ်ချက်ချမှရမယ်။ သူက သွားနှင့်ပြီနော်"

သူ ဒီစကားကိုကြားလိုက်ရတဲ့အခိုက် ကျုးရိထင်က ရှောင်လီ့နောက်ကျောကိုကြည့်ဖို့လှည့်လိုက်တယ်။ တစ်ဖက်လူက အမှောင်ထဲပျောက်ကွယ်သွားတာကိုပဲ မြင်လိုက်ရတယ်။

"လမ်းလျှောက်တာ အဝေးကြီးရောက်သွားပြီ။ သူတကယ်ပဲ မကြောက်ဘူးလား?"
ရုန်ချွမ်းက ရေရွတ်တယ်။

ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်(ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်)Where stories live. Discover now