Unicode
ဒီလိုညစာမျိုးက တော်တော်လေး စိတ်မသက်မသာဖြစ်စေသလို ဝမ်ကျားနင် ခံစားရသည်။ မြန်မြန်ပြီးပါစေလို့ပဲ မျှော်လင့်နေမိ၏။
သို့ရာတွင် မမျှော်လင့်ဘဲ သူတို့စားသောက်နေရင်း တစ်ဝက်တစ်ပျက်မှာ ဘေးခန်းမှလူတစ်ယောက်က တံခါးလာခေါက်လေပြီ။ ထိုသူက 'October Fireworks'၏ဒါရိုက်တာ ဖန်ဝေ့ဖြစ်နေသည်ပင်။ သူကလည်း ဒီစားသောက်ဆိုင်မှာပဲ လာစားခြင်း။
သေချာပေါက် ဖန်ဝေ့က ဝမ်ကျားနင်ကို သတိမထားမိဘဲ ဒီအတိုင်းဝင်ထိုင်ကာ လုကျင်းလန်၊ အန်းယုံခမ်းတို့နှင့် စကားပြောနေသည်။ ပြောရင်းပြောရင်း 'October Fireworks'ရိုက်ကူးမည့်အကြောင်းဆီ ရောက်သွားလေ၏။
ဝမ်ကျားနင်က ဘေးမှာငြိမ်ငြိမ်လေးထိုင်ရင်း နားစွင့်လျက်သာ။
ရုတ်တရက် လုကျင်းလန်က ဝမ်ကျားနင်ဘက် လှည့်ပြောလေ၏ :
"မင်း ဒါရိုက်တာဖန်ကိုလည်း ဝိုင်တိုက်သင့်တယ်လေ"
ဝမ်ကျားနင် ကြောင်သွားပြီးမှ ဝိုင်ခွက်ကိုင်ရင်း တစ်ဖက်ခြမ်းကလူကို ပြောလိုက်သည်။
"ဒါရိုက်တာဖန်၊ တစ်ခွက်လောက် လက်ခံပါခင်ဗျာ"
ဖန်ဝေ့က ဝမ်ကျားနင်ကိုကြည့်လိုက်၏။ အာရုံစိုက်လောက်စရာမဟုတ်မှန်း ဖန်ဝေ့က သိသော်လည်း အပေါ်ယံမှာတော့ ယဉ်ကျေးသိမ်မွေ့သောဟန်ပန်ကို ထိန်းထားဆဲပင်။
လုကျင်းလန်က ဆိုသည် :
"သီချင်းဆိုတာထက် သရုပ်ဆောင်ပိုင်းက မင်းအတွက် ပိုပြီးသေချာတဲ့နေရာတစ်ခုရစေမယ်လို့ ငါ ထင်တယ်"
ဝမ်ကျားနင်ကိုပြောလိုက်သော ထိုစကားက ဖန်ဝေ့အားလည်း ကြားစေလိုသည့်ရည်ရွယ်ချက်ပါသည်။
အသေအချာပင် ဖန်ဝေ့က မေးလေပြီ :
"ဒီလူငယ်လေးက သရုပ်ဆောင်စွမ်းရည်ကောင်းတယ်လား?"
လုကျင်းလန် : "ဒါရိုက်တာဖန်မှာ ပရောဂျက်ရှိခဲ့ရင် သူ့ကို အခွင့်အရေးပေးကြည့်လို့ရတယ်"
လုကျင်းလန်၏စကားလုံးတိုင်းက ဝမ်ကျားနင်အတွက် လမ်းဖောက်ပေးခြင်းပင်။ ထိုစကားကိုကြားချိန်မှာ ဝမ်ကျားနင် စိတ်ထဲ ဘယ်လိုဖြစ်သွားမှန်းတောင် မသိတော့။ သူ လုကျင်းလန်ကို ဖျတ်ခနဲကြည့်လိုက်သော်လည်း ထိုသူက သူ့အား ကြည့်မနေ။ လုကျင်းလန်အမူအရာမှာ တည်ငြိမ်နေကာ ဘာတွေတွေးနေသလဲ မှန်းရခက်သည်။
YOU ARE READING
ပြီးပြည့်စုံခြင်း [COMPLETED]
Romance~ ရုပ်ရှင်လောက၊ ခန္ဓာကူးပြောင်းခြင်း ~ Start Date - 12.3.2022 End Date - 24.4.2024