Unicode
အခန်းထဲတွင် တိတ်ဆိတ်မှုကြီးစိုးသွားခဲ့သည်။ ဝမ်းလင်ကို တောင်းပန်ခိုင်းသည်က မည်သည့်အဓိပ္ပါယ်ဆောင်မှန်း လူတိုင်းသိပြီးသားပင်။
ဝမ်းလင် ဘာမှမပြောရသေးခင် ဝမ်ကျားနင် အရင်ပြောလိုက်၏။
"သူ တောင်းပန်မှာမဟုတ်ဘူး"
ဟယ့်ချောင်ရှုအတွက်တော့ ဝမ်းလင်၏တဇွတ်ထိုးလုပ်ရပ်ကြောင့် မျက်နှာပျက်ရသည့်အပြင် ဝမ်ကျားနင်ကပါ ထပ်တလဲလဲပြောနေသောအခါ ပိုပြီးမခံနိုင်ဖြစ်လာသည်။ နောက်ပြီး ရိနန်လည်း ရှိနေသည်မဟုတ်လား။
ဟယ့်ချောင်ရှုက ဒီနယ်ပယ်ထဲကျင်လည်လာတာ ဆယ်နှစ်ကျော်ပြီမို့ အချိတ်အဆက်တချို့ရှိသည်။ သူ လူကြည့်တာမမှားလောက်။ ရိနန်မှာက တိကျသေချာသောအနာဂတ်ရှိလာလိမ့်မည်။ ဝမ်ကျားနင်နှင့်ဝမ်းလင်ကိုတော့ သူ သိပ်မထင်။ ဒီအနုပညာလောကမှာ ရုပ်ကလေးချောရုံ၊ သီချင်းကောင်းကောင်းဆိုတတ်ရုံလောက်နှင့် နာမည်ကြီးလာဖို့မလွယ်။ ဘာကြောင့်လဲဆိုတော့ အဲလိုလူမျိုးတွေ ရိုက်သတ်လို့မကုန်အောင် ရှိသောကြောင့်ဖြစ်သည်။ တက်လမ်းဖန်တီးနိုင်ပြီး သူမတူအောင် ထူးခြားသည့်လူမျိုးက အနည်းအကျဉ်းမျှသာ။
ဝမ်ကျားနင်ဆို ပိုဆိုးသည်။ လုကျင်းလန်ကို တွယ်ကပ်နေသည်မဟုတ်လား။ ဟယ့်ချောင်ရှု ဝမ်းလင်အတွက်စီစဉ်မယ့်ကိစ္စကို သူက ဝင်တားနိုင်ဖို့အရည်အချင်းမရှိ။
တွေးရင်း ဟယ့်ချောင်ရှု၏လေသံက ရင့်သီးသွားကာ ဝမ်ကျားနင်ကို တစ်လုံးချင်းပြောလိုက်၏။
"မင်း သရုပ်မဆောင်တော့ဘူးပေါ့?"
ဟယ့်ချောင်ရှု စိတ်မထိန်းနိုင်တော့တာကို ဝမ်ကျားနင် ခံစားမိသည်။
"ကျွန်တော် သရုပ်မဆောင်တော့ဘူးလို့ မပြောမိပါဘူး၊ ဝမ်းလင်လည်း တောင်းပန်စရာအကြောင်းမရှိဘူး၊ ခင်ဗျားက အေးဂျင့်ဆို...ကျွန်တော်တို့ထက်ပိုပြီး ဒီကိစ္စကို ကိုင်တွယ်တတ်မှာပေါ့၊ မစ္စတာဟော့..ခေါင်းအေးအေးထားပြီး ပြန်တွေးကြည့်လိုက်ပါ၊ ကျွန်တော်တို့ နောက်မှ ဆက်ပြောကြတာပေါ့"
YOU ARE READING
ပြီးပြည့်စုံခြင်း [COMPLETED]
Romance~ ရုပ်ရှင်လောက၊ ခန္ဓာကူးပြောင်းခြင်း ~ Start Date - 12.3.2022 End Date - 24.4.2024