Unicode
အပိုင်း - ၉၅
အကယ်ဒမီပေးပွဲ၌ Best Newcomer ဆုကို ဝမ်းလင် ရရှိခဲ့ချိန်မှစ၍ သူ၏ ဂုဏ်သတင်းမှာ ထိုးတက်သွားခဲ့ကာ မြောက်မြားစွာသော movie ကမ်းလှမ်းချက်များလည်း ရောက်လာခဲ့သည်။ သို့တိုင် ဝမ်းလင်က သိပ်ပြီး စိတ်မဝင်စားပေ။ ဆုရရှိပြီးနောက်မှာ သူ့အနာဂတ်နှင့် ပတ်သက်၍ စိတ်ထွေပြားသွားခဲ့သော်လည်း တစ်ခဏမျှသာဖြစ်ပြီး သူ့ရည်မှန်းချက်လမ်းကြောင်းကိုပဲ ကုပ်တွယ်ထားသင့်သည် ထင်၏။
ဝမ်းလင်၏ကိစ္စအတွက် ပိုင်ရှန့်ကျယ်က လုကျင်းလန်နှင့်ပင် တကူးတက တိုင်ပင်ခဲ့သေးသည်။
တစ်ရက်မှာ လုကျင်းလန်က ပိုင်ရှန့်ကျယ်ကို အိမ်သို့ ဖိတ်ခေါ်လိုက်၏။ ထိုအချိန်တွင် ဝမ်ကျားနင်လည်း ရှိနေခဲ့ပြီး ဆိုဖာလက်ရန်းတွင် အသာ မှေးထိုင်ကာ ဘာမှဝင်မပြောဘဲ နားထောင်နေခဲ့သည်။
လုကျင်းလန်က ပိုင်ရှန့်ကျယ်ကို ပြောနေ၏။
“ဝမ်းလင်က သီချင်းဆိုဖို့ကို အခုထိ ဝါသနာပါသေးတယ်ဆိုရင် သူ့ကို အခွင့်အရေးပေးကြည့်လိုက်ရအောင်၊ လူတစ်ယောက်က ဒီအခြေအနေထိရောက်အောင် ကြံ့ကြံ့ခံနိုင်ပုံထောက်ရင် အောင်မြင်မှု တစ်ခုမဟုတ်တစ်ခုတော့ ရမယ် ထင်တာပဲ”
ပိုင်ရှန့်ကျယ်က သဘောတူလိုက်ရာ ကုမ္ပဏီသို့ ပြန်ရောက်သည်နှင့် meeting ထိုင်ပြီးနောက် အစမ်းသဘောအနေဖြင့် ဝမ်းလင်အား single ထုတ်ခွင့်ပေးလိုက်တော့သည်။
[ Single = အယ်လ်ဘမ်နှင့်မတူ၊ သီချင်း တစ်ပုဒ်ကနေ သုံးပုဒ်အထိပါပြီး တစ်ပုဒ်လျှင် ၁၀ မိနစ်အောက် လျော့သော ကြာချိန်ရှိ ]
သို့နှင့် ဝမ်းလင်က single ထုတ်ဖို့ လတ်တလော ပြင်ဆင်နေရပြီဖြစ်ပြီး လုကျင်းလန်ဆီ သူကိုယ်တိုင် လာတွေ့သည်။
“ကျေးဇူးတင်ပါတယ် မစ္စတာလု”
လုကျင်းလန်က ပြုံးလိုက်ကာ
“ကျေးဇူးတင်ဖို့ မလိုပါဘူး၊ ဒါတွေအားလုံးက မင်းရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပဲ..ဖျော်ဖြေရေးကုမ္ပဏီတွေက ပိုက်ဆံရှာဖို့ပဲ သိတာတော့ မမေ့နဲ့၊ မင်း အမြတ်အစွန်းရအောင် မလုပ်နိုင်ခဲ့ရင် နောက်တစ်ခါဆိုတာ ရှိလာမှာမဟုတ်ဘူး”
CZYTASZ
ပြီးပြည့်စုံခြင်း [COMPLETED]
Romans~ ရုပ်ရှင်လောက၊ ခန္ဓာကူးပြောင်းခြင်း ~ Start Date - 12.3.2022 End Date - 24.4.2024