အပိုင်း(၈)-ဖုံးကွယ်နေသော အိမ်တော်တစ်ခု
....
ကြီးကျယ်ခမ်းနားလှတဲ့ လျှောက်လမ်းတွေကို ကျော်လွန်ပြီးနောက် ကြီးမားတဲ့ ကြေးဂိတ်တံခါးကြီးတစ်ခုရှေ့တွင် ထိုအမျိုးသမီးက ရပ်တန့်လိုက်သည်။ ဝူရှဲ့နဲ့ ဖန့်ကျစ်တို့ နှစ်ယောက် ဘေးပတ်ဝန်းကျင်ကို ဝေ့ဝဲ့ ကြည့်နေတုန်း ကျယ်လောင်လှတဲ့အသံနဲ့အတူ ကြေးဂိတ်တံခါးဟာ ဖြည်းဖြည်းချင်းစီ ဖွင့်ဟလာခဲ့သည်။ အထဲကို ဝင်လျှောက်လိုက်သည့်အခါ ကြီးမားလှသည့် ကျောက်စိမ်းစားပွဲရှည်ကြီးပေါ်တွင် တောက်ပနေသည့် ရွှေရောင် ဖုန်းဟောင်းတစ်လုံးသာ တင်ရှိထားသည်။
စားပွဲ၏ နောက်ကွယ်တွင် ဆိုဖာထိုင်ခုံရှည်တစ်လုံးက အဝင်ပေါက်ကို ကျောပေးကာ တည်ရှိနေသည်။ အမျိုးသမီးနှင့် ဝူရှဲ့တို့ စားပွဲရှေ့တွင် ရပ်လိုက်သည့်အခါ ဆိုဖာထိုင်ခုံရှည်က တဖြည်းဖြည်း လှည့်လာပြီး ထိုအပေါ်တွင် လူတစ်ယောက်ထိုင်နေခဲ့သည်။ ထိုလူ၏ မျက်နှာ သွင်ပြင်က အသက်အရွယ် အိုမင်းနေသော်လည်း နုပျိုသည့်ပုံစံ၊ ဆံပင်နှင့် မုတ်ဆိတ်မွှေးများမှာ ဖြူစွတ်နေပြီး တစ်ချက်ကြည့်ရုံဖြင့် ထိုသူ၏ အသက်အရွယ်အား ခန့်မှန်းရန် ခက်ခဲလှသည်။
ဝူရှဲ့က ထိုလူကို သေချာအကဲခတ်ကြည့်နေတုန်း ထိုလူက စကားစလာခဲ့သည်။
"ရှောင်စန်းရယ် ကြိုဆိုပါတယ်"
ထိုလူ၏ အသံကား တည်ငြိမ်အေးချမ်းသလို ဩဇာလွှမ်းမိုးမှုလည်း ရောထွေး ပါဝင်နေသည်။ ဖန့်ကျစ်က ဝူရှဲ့အနောက်မှ နေကာ အခန်းတွင်းကို လှည့်ပတ်ကြည့်ရှုနေခဲ့သည်။ အခန်းအတွင်းရှိ နံရံများပေါ်တွင် ကြီးမားတဲ့ပန်းချီကား ကိုးခု ပတ်ပတ်လည်ရှိနေပြီး ပန်းချီကားတစ်ချပ်စီက အိမ်တော် ကိုးခု၏ စွမ်းရည်များနှင့် ဇာတ်ကြောင်းများကို ရွှေချည် ငွေချည်များဖြင့် အနုစိတ် ရေးဆွဲထားသည်။ ရှေးဟောင်း ပန်းချီကားများ၏ တန်ဖိုးကို တစ်ချက်ကြည့်ရုံနဲ့ သိနိုင်သည့် ဖန့်ကျစ်ပင် ထိုပန်းချီကားများ၏ တန်ဖိုးကို အကဲမဖြတ်နိုင်။ ပါးစပ်အဟောင်းသားဖြင့်သာ ထိုပန်းချီကားများကို ကြည့်နေရင်း ကျန်းအိမ်တော်၏ ပန်းချီကားရှေ့သို့ ရောက်သွားခဲ့သည်။ ပန်းချီကားထဲတွင် ကျောပေးထားသည့် လူတစ်ယောက်၏ ပုခုံးတွင် ချီလင်တက်တူးရှိနေပြီး ဘေးတစ်ဖက်တွင် သရဲတံဆိပ်နှင့် ရှေ့တည့်တည့်တွင် ကြေးနီဂိတ်တို့၏ ပုံ ရှိနေသည်။ ထို့အပြင် ကျန်းတဖောရယ်၏ စစ်ချီသည့် ပုံမှာ ဘေးတစ်ဖက်တွင် ရှိနေပြီး ကျန်တစ်ဖက်တွင်တော့ ကျန်းချီလင် (အစ်ကိုလေး)၏ မထင်မရှား ပုံရိပ်တစ်ခု ရှိနေခဲ့သည်။ ထို့အပြင် နှင်းများ ဖုံးလွှမ်းနေသည့် ချန်ပိုင်တောင်၏ ပုံရိပ်က ပန်းချီကား၏ သက်ဝင်မှုကို ပိုမို ထင်ရှားသွားစေသည်။

ВЫ ЧИТАЕТЕ
UNREMEMBERED
Фанфик"ဝူရှဲ့ မင်းက အမြဲ အရှေ့ကိုပဲ မျက်နှာမူထားတယ် ဒါပေမဲ့ မင်း ဘယ်တော့မှ နောက်ကျောမလုံသလို မခံစားဖူးဘူး.. ဘာဖြစ်လို့လဲ ဆိုတော့ အစ်ကိုလေးက မင်းအနောက်မှာ အမြဲ ရှိနေလို့ပဲ.." . . နှင်းမခ္တ