CHAPTER - 5 🙆 Zawgyi 🙆

762 24 0
                                    

ညကတည်းက အဆင်သင့်ပြင်ဆင်ထားသည့် ကျောပိုးအိတ်ကလေးကို ကောက်လွယ်ပြီး ထည့်ထားပြီးဖြစ်သည့် ထမင်းချိုင့်ခြင်းကလေးကို ကောက်ယူလျက် ဆိုင်ကယ်ခြင်းတောင်းထဲသို့ ထည့်လိုက်ကာ ဆိုင်ကယ်စက်နှိုးရင်း ခပ်မြန်မြန် မောင်းထွက်လာလိုက်သည်။ ကြက်သားပြုတ်ကြော်ကလေးနှင့် ငါးပိထောင်းလေးသာ ပါသည့် ခြောက်တီးခြောက်ချက် ထမင်းချိုင့်ကလေး ဖြစ်လာဖို့အတွက် သူ မနက် (၅)နာရီကတည်းကပင် ကြိုးစားချက်ပြုတ် ပြင်ဆင်ခဲ့ရခြင်းဖြစ်လေ၏။ အိမ်ရှေ့လမ်းမမှ လမ်း(၃၀)အထိ တက်လျက် အနောက်ဘက်သို့ ချိုးကွေ့ကာ ဆေးရုံကြီးရှိရာသို့ မောင်းနှင်လာလိုက်သည်။ ဆေးရုံကြီးဝင်းထဲသို့ သူ ရောက်တော့ မနက် (၈)နာရီပင် ထိုးနေပြီ။ ဆိုင်ကယ်ကို အောက်ထပ်တွင် အပ်ခဲ့လျက် ခြေလှမ်းသွက်သွက်ဖြင့် ဖျားနာကုသဆောင် (၁) ရှိရာသို့ လျှောက်လှမ်းလာလိုက်၏။

“တီတီ… သား ရောက်ပြီ”

ဝင်ပေါက်ကို နောက်ကျောပေးလျက် အလုပ်ရှုပ်နေသည့် အဒေါ်ဖြစ်သူမှာ ခက်ဆစ် ဝင်လာသည်ကို မမြင်နိုင်ပါ။ ခက်ဆစ် အသံ‌ကြားမှသာ ဖျက်ခနဲ လှည့်ကြည့်၏။ လူနာကုတင်ပေါ်ရှိ အဖွားမှာတော့ မျက်ရည်စများ ဝေ့သီနေသည့် မျက်ဝန်းများဖြင့် ခက်ဆစ်အား ညှိုးငယ်စွာ လှမ်းကြည့်နေသည်။ ခက်ဆစ်က မေကြီးအား အားရပါးရ ပြုံးပြလိုက်ရင်း အားပေးလိုက်ရ၏။

“ဪ… အေး ရောက်ပြီလား ခက်ဆစ်”

“ဟုတ် တီတီ၊ ဒီမှာ ထမင်းချိုင့်။ ကြက်သားပြုတ်ကြော်လေး လုပ်လာတယ်။ ငပိလေးလည်း ထောင်းလာခဲ့တယ်။ စားခါနီးမှ သံပုရာသီးလေး ညှစ်စားရအောင် သံပုရာသီးလေးလည်း ထည့်ထားတယ် တီတီ။ တီတီ ဘာတွေ လုပ်နေတာတုန်း”

ခက်ဆစ်က မေကြီး၏ လက်နှစ်ဖက်ကို ခပ်ဖွဖွ ဆုပ်ကိုင်ထားလျက် တီတီ့အား လှမ်းမေးလိုက်သည်။

“ဒီမှာလေ… ဆေးတွေ မှတ်နေရတာ။ တိုက်ရမယ့် ဆေးတွေ များလွန်းတော့ မှားကုန်မှာ စိုးလို့”

“ဆရာဝန်ကြီးတွေ Round လှည့်သွားပြီလား တီတီ”

“စောသေးတယ်လေ ခက်ဆစ်ရဲ့၊ ကိုးနာရီလောက်မှ လှည့်တာ”

အချစ်စစ်ပုံပြင် 💙 အချစ်စစ်ပုံပြင် { COMPLETED}Where stories live. Discover now