CHAPTER - 42 🙆 UNICODE 🙆

2.3K 111 9
                                    

ကလောမြို့၏ မနက်ခင်းကလေးသည် နှင်းမြူငွေ့လေးများ သိပ်သိပ်သည်းသည်းကျလျက် လွမ်းမောဖွယ်ရာပင် ဖြစ်သည်။ အလင်းပင် မကွဲသေးသည့် မနက် (၆)နာရီခန့်သာ ရှိသေးသော်လည်း ခက်ဆစ်မှာ အပြင်ထွက်ရန်အတွက် အဆင်သင့်ဖြစ်နေခဲ့ပြီ။

Kalaw Heritage Hotel အခန်းလေး၏ အပြင်ဘက် ဝရံတာကနေ လှမ်းကြည့်လျှင် ဟိုးဝေးဝေးက ထင်းရှုးပင်လေးများပေါ် နှင်းမြူလေးများ အုပ်ဆိုင်းနေသည်ကို တွေ့မြင်ရသည်မှာ သက်ဝင်ပန်းချီကားတစ်ချပ်နှယ်။

သည်မြို့လေး မဟုတ်လား...။
ခရီးတွေ ထွက်နိုင်မယ့်တစ်နေ့မှာ မိုင်း လက်လေးဆွဲပြီး ရောက်ဖူးချင်တဲ့ မြို့တွေထဲက အပါအဝင် မြို့လေး မဟုတ်လား...။
အသက်တွေ ကြီးလာမယ့် တစ်နေ့မှာ မိုင်းနဲ့ ဒီမှာ အခြေချချင်ကြောင်း ခက်ဆစ် ပြောခဲ့ဖူးတဲ့ အနာဂတ်မြို့လေးမဟုတ်လား...။

အခုတော့  ခက်ဆစ် အထီးကျန်ဆန်စွာ ရောက်ရှိနေခဲ့တဲ့ အသည်းကွဲမြို့လေး ဖြစ်နေပါပေါ့လား...။

ကလောမြို့လေးကို ခက်ဆစ်နှင့် ကွန့်မြူး နှစ်ယောက်သား မနေ့ နေ့လည်ကတည်းကပင် ရောက်ရှိနေခဲ့ပါ၏။ မန္တလေးမှ မနက် ကိုးနာရီမှ စတင်ထွက်ခွာလာခဲ့ကြပြီး နေ့လည် တစ်နာရီခွဲဝန်းကျင်တွင် ကလောမြို့လေးထဲသို့ စတင် ဝင်ရောက်လာခဲ့သည်။

ထင်းရှူးမြို့တော်ဟူ၍ တင်စားကြသည့် ကလောမြို့လေးသို့ မဝင်ခင် ရေယားကျေးရွာ အရောက်မှ စတင်၍ ထင်းရှူးပင်များကို မျက်စိတဆုံး မြင်တွေ့ရပါသည်။ ထင်းရှူးပင်များကို တွေ့ရရချင်း ခက်ဆစ်သည် ကားမှန်ကလေးကို ချလိုက်သည်။ ထိုအခါ ထင်းရှူးနံ့သင်းသင်းကလေးများသည် ကားအတွင်းသို့ ဝင်ရောက်လာ၍ ခက်ဆစ်သည် ထင်းရှူးနံ့လေးများကို အားရပါးရ ရှုရှိုက်လိုက်သည်။

ကလောမြို့လေးထဲသို့ ဝင်ရောက်လာခဲ့ပြီးနောက် လူ့ပြင်ကျေးရွာကလေးဆီရောက်အောင် မောင်းလာခဲ့ရသည်။ လူ့ပြင်ကျေးရွာကလေးသို့ ရောက်ရောက်ချင်း စာကြည့်တိုက် အသစ်ဖွင့်ပွဲအတွက် ခက်ဆစ်သည် ဖဲကြိုးဖြတ်ပေးရပါသည်။ စာကြည့်တိုက်အတွက် မန္တလေးမှ သယ်လာခဲ့သည့် သုတ၊ ရသ စာအုပ်များနှင့် မဂ္ဂဇင်းစာအုပ်အဟောင်းများကို စာကြည့်တိုက်၏ ဥက္ကဌကြီးထံသို့ ပေးအပ်လှူဒါန်းလိုက်ပါသည်။

အချစ်စစ်ပုံပြင် 💙 အချစ်စစ်ပုံပြင် { COMPLETED}Dove le storie prendono vita. Scoprilo ora