နေဝင်စကာလ ညနေအချိန်၏ လေပြည်ကလေးသည် နုညင်းအေးမြလျက် ရှိသည်။ နေမင်းကြီးသည်တော့ လိမ္မော်နီရောင် ခြုံလွှာကြီးကို လွှမ်းလျက် အနောက်ယွန်းယွန်းဆီသို့ မေးတင်ပျောက်ကွယ်စ ပြုနေခဲ့ပြီ။
လက်ကျန်နေရောင်ကလေး၏ အလင်းအား ဖျော့ဖျော့ကလေးနှင့် မြင်နေရသည့် ရှမ်းဝတ်စုံဝတ် အမျိုးသားလေးအား ခက်ဆစ် မယုံကြည်နိုင်စွာပင် စိုက်ကြည့်နေခဲ့မိသည်မှာ အသက်ပင်ရှုဖို့ မေ့နေမိသည်အထိ။ ထိုအမျိုးသားမှာလည်း ခက်ဆစ်ကို တွေတွေကြီး စိုက်ကြည့်လျက် မျက်ဝန်းများတွင် ခံစားချက်တချို့ ရောနှောလျက် ရှိနေပါသည်။
"ဟုတ်ပါတယ်... ကိုယ်ပါပဲ...၊ ခက်ဆစ်ရဲ့ မိုင်းလေ..."
ထိုအမျိုးသား၏ အတည်ပြုဝန်ခံမှုအဆုံးတွင် ခက်ဆစ်၏ ခြေထောက်များ ညွတ်ခွေကျမတတ် အားပျော့သွားသည်။ မျက်ဝန်းမှ အိုင်ထွန်းနေသည့် မျက်ရည်များမှာလည်း ပါးပြင်ပေါ်သို့ လှိမ့်ထိုးစီးဆင်းလာတော့၏။
"မိုင်းရယ်...၊ ရက် စက် လိုက် တာ..."
ထိုစကားလေး တစ်ခွန်းကို ခက်ဆစ် တစ်လုံးချင်း အားယူလျက် ပြောလိုက်ရပါသည်။ ရင်ထဲမှ ဆို့တက်လာသည့် ခံစားချက် အရှိန်တို့ကြောင့် ဘာကိုမှ ဆက်မပြောနိုင်တော့ပါ။
သူတို့ နှစ်ယောက်အကြားတွင် ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်သွားသည်မှာ ကောင်းကင်ပြင်တွင် နေလုံးကြီး ပျောက်ကွယ်သွားသည်အထိ။
အမှောင်ထုသည် ပတ်ဝန်းကျင်ကို တဖြည်းဖြည်း ခြုံလွှမ်းလာပြီဖြစ်၍ ပလောင်တောင်ထိပ်တွင် လျှပ်စစ်မီးသီးလေးများပင် ထွန်းလင်းလာခဲ့ပြီ။
"ကိုယ်တို့ ဟိုထောင့်နားလေး သွားထိုင်ရအောင်..."
မိုင်းက ခက်ဆစ်၏ လက်ကလေးကို လှမ်းကိုင်လိုက်သည်။ လွမ်းဆွတ်လွန်းခဲ့ရသည့် လက်ကလေး၏ အထိအတွေ့ကို ပြန်လည်ခံစားလိုက်ရချိန်တွင် ခက်ဆစ် ရင်တွေ တလှပ်လှပ် လှိုက်ဖိုလာပြန်၏။
ကျောက်ကမ်းပါးကလေး၏ ထောင့်နားလေးတွင် ခက်ဆစ်တို့ ဘေးချင်ကပ်လျက် ထိုင်လိုက်ကြသည်။ ဟိုးဝေးဝေးက ပိန်းပိန်းပိတ်အောင် မှောင်မည်းနေသည့် လမ်းမပေါ်တွင် အလင်းတန်းကလေးများ တရွေ့ရွေ့ ဖြတ်သန်းနေသည်ကို အပေါ်စီးမှ တွေ့မြင်ရသည်။
DU LIEST GERADE
အချစ်စစ်ပုံပြင် 💙 အချစ်စစ်ပုံပြင် { COMPLETED}
Romantik💙 BASE ON AUTHOR'S LIFE AND RELATIONSHIP 💙 မင်းဟာ ကိုယ့်အတွက် ပုံပြင်လေးတစ်ပုဒ် ဖြစ်နေခဲ့မယ်ဆိုရင်တောင်... ဘယ်တော့မှ ဟောင်းနွမ်းမသွားမယ့် ပုံပြင်... ဘယ်တော့မှ ရိုးအီမသွားမယ့် ပုံပြင်... တစ်နည်းအားဖြင့်... ကိုယ့်နှလုံးသားထဲက ဖြစ်တည်ပေါက်ဖွားလာတဲ့...